ကွီးတို့ရေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ ဦးနှောက် ဟာ  လူ့ခန္ဓာကိုယ်တွင် အရေးကြီးဆုံး အင်္ဂါတစ်ခုလို့ ဆိုနိုင်ပါတယ်။  ဦးနှောက်ဟာ လုပ်ဆောင်ချက်များနှင့် တုံ့ပြန်မှုများကို ထိန်းချုပ်ကာ ပေါင်းစပ်ညှိနှိုင်းပေးပါတယ်။ ကျွန်ုပ်တို့ကို တွေးခေါ်ခံစားစေ နိုင်ပါတယ်။ ကျွန်ုပ်တို့ကို လူသားဖြစ်ကြောင်းပြတဲ့ အရာအားလုံးကို ခံစားစေနိုင်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးအောင်၊ ကျန်းမာသန်စွမ်းအောင် လုပ်ဖို့ ပညာရှင်များက တိုက်တွန်း အကြံပြုကြပါတယ်။ ဒါပေမဲ့ အကြောင်အမျိုးမျိုးကြောင့် ဦးနှောက် ထိခိုက်ပျက်စီးမှု ရှိကြပါတယ်။ အကြောင်းအများကြီးထဲက သဘာဝ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ သိထားသင့်တဲ့ ပါကင်ဆန်ရောဂါ အကြောင်းကို လေ့လာမိသလောက် ဝေမျှပေးချင်ပါတယ်။

သိထားသင့်တဲ့ ပါကင်ဆန်ရောဂါ

Photo : Landon Neurosurgery Partership

ပါကင်ဆန်ရောဂါ (Parkinson’s Disease) ဟာ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဦးနှောက်၏ အစိတ်အပိုင်းတစ်ခု ယိုယွင်းပျက်စီးသွားသည့် အခြေအနေတစ်ခု ဖြစ်ပါတယ်။  ဤအခြေအနေက ရောဂါခံစားရသူရဲ့  ကြွက်သားထိန်းချုပ်မှု၊ ဟန်ချက်ညီမှုနှင့် လှုပ်ရှားမှုအပေါ် ဆိုးဝါးစွာ သက်ရောက်မှုများ ဖြစ်စေပါတယ်။ ဒီသက်ရောက်မှုက  ကာယကံရှင်နဲ့ မိသားစုရဲ့ နေ့စဉ်လူမှုဘဝကို ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ကွီးတို့ သိထားသင့်တဲ့ ပါကင်ဆန်ရောဂါ အကြောင်း ဆက်လက်ဖော်ပြပေးပါမယ်။

ဘယ်သူတွေ သက်ရောက်မှုရှိလဲ

သိထားသင့်တဲ့ ပါကင်ဆန်ရောဂါ

Photo : Youtube

ပါကင်ဆန်ရောဂါ ဖြစ်ပွားနိုင်ခြေဟာ အသက်အရွယ်အလိုက် သဘာဝအတိုင်း တိုးလာပြီး ၎င်းစတင်သည့် ပျမ်းမျှအသက်မှာ အသက် ၆၀ ဖြစ်ပါတယ်။ အမျိုးသားများ ဟာ အမျိုးသမီးတွေထက် ပိုဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အများအားဖြင့် အသက်အရွယ်နှင့် ဆက်နွယ်နေသော်လည်း အသက်၂၀ နှစ်အောက် အရွယ်ရောက်ပြီးသူများလည်း  ဖြစ်ပွားနိုင်ပါတယ်။

ပါကင်ဆန်ရောဂါကို ဘာတွေကဖြစ်စေသလဲ

ပါကင်ဆန်ရောဂါကို ဖြစ်စေတဲ့  အထင်ရှားဆုံးအချက်က လှုပ်ရှားမှုကို ထိန်းချုပ်သည့် ဦးနှောက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Basal Ganglia ရှိ အာရုံကြောဆဲလ်များ ချို့ယွင်းလာတာ  သို့မဟုတ် သေဆုံးခြင်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်၊ ဤအာရုံကြောဆဲလ်များ သို့မဟုတ် အာရုံကြောများဟာ  ဒိုပါမင်း (Dopamine) လို့ ခေါ်သော အရေးကြီးသော ဦးနှောက်ဓာတုပစ္စည်းကို ထုတ်လုပ်ပေးပါတယ်။ ဆဲလ်များသေတဲ့အခါ သို့မဟုတ် ချို့ယွင်းလာသောအခါ ၎င်းတို့သည် ခန္ဓာကိုယ် လှုပ်ရှားမှု ကို ထိန်းညှိပေးတဲ့ ဒိုပါမင်း ထွက်ရှိမှု လျော့နည်း စေပါတယ်။ ဒိုပါမင်း ချို့တဲ့ခြင်းသည် ပါကင်ဆန်ရောဂါ၏ လက္ခဏာများ ဖြစ်တဲ့ နှေးကွေးသော လှုပ်ရှားမှုများနှင့် အဆက်မပြတ်တုန် ခြင်းတို့ကို ဖြစ်စေပါတယ်။ အခြားအကြောင်းအရာနှစ်ခုကတော့ မျိုးရိုးလိုက်ခြင်းနဲ့ အဆိပ်သင့်စေသော ပတ်ဝန်းကျင် တို့ကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက လေ့လာတွေ့ရှိထားပါတယ်။

ကွီးတို့ သိထားသင့်တဲ့ ပါကင်ဆန်ရောဂါ လက္ခဏာတွေက ဘာတွေလဲ

သိထားသင့်တဲ့ ပါကင်ဆန်ရောဂါ

Photo : Cala Trio

ပါကင်ဆန်ရောဂါရဲ့  လူသိအများဆုံး လက္ခဏာများမှာ ကြွက်သားထိန်းချုပ်မှု ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ ခြေလက်တုန်ခြင်း၊ လမ်းလျှောက်ခက်ခဲခြင်း၊ ပုံမှန်မဟုတ်သော လက်ရေးဖြစ်လာခြင်း၊ အနံ့ခံစားမှု အားနည်းလာခြင်း၊ အိပ်မပျော်ခြင်း၊ ဟန်ချက်ပျက်ခြင်း၊ လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ နှေးကွေးခြင်း၊ မျက်နှာအမူအရာ ပြောင်းလဲနိုင်စွမ်းလျော့နည်းလာခြင်း၊ အသံပြောင်းခြင်း သို့မဟုတ် အသံမထွက်နိုင်ခြင်း၊ ငုံ့နေခြင်း သို့မဟုတ် ကွေးညွှတ်နေတတ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အစာမြိုချရခက်ခဲတာ၊ ဝါးစားဖို့ခက်တာ၊ စကားပြောဖို့ခက်ခဲတာစတဲ့ လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

ပါကင်ဆင်ရောဂါကို  ကုသပျောက်ကင်းနိုင်ပါသလား

ပါကင်ဆင်ရောဂါကို ပျောက်ကင်းအောင်ကုသဖို့ မလွယ်ပါဘူး။ သို့သော်လည်း ပါကင်ဆန်ရောဂါ ရှိသူအများစုဟာ ပုံမှန် သို့မဟုတ် ပုံမှန်နီးပါး သက်တမ်းထိ အသက်ရှည်နေနိုင်ပါတယ်။ ခေတ်မီဆေးဝါးများနှင့် ကုသမှုများဟာ လူများအတွက် ၎င်းတို့၏ ရောဂါလက္ခဏာများကို ကောင်းကောင်းထိန်းထားနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများရဲ့  ပြင်းထန်မှုကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ရောဂါလက္ခဏာတွေကို သက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ၊ ပညာရှင်များရဲ့ အကြံပေးချက်တွေကို လိုက်နာမယ်ဆိုရင် ရောဂါခံစားမှုကို လျော့ချပေးနိုင်ပါတယ်။

ပါကင်ဆန်ရောဂါ ကာကွယ်ရေးအတွက် ဘာတွေလုပ်နိုင်သလဲ

ပါကင်ဆန်ရောဂါအတွက် သီးသန့်ကာကွယ်နိုင်မဲ့ နည်းတွေ မရှိပါဘူး။ ဒါပေမဲ့ အချို့သော နေထိုင်စားသောက်မှု အစီအစဉ်များဟာ ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ထို့အပြင် ကွီးတို့ အသက်ငယ်ရွယ်စဉ်ကတည်းက အောက်ဖော်ပြပါအချက်တွေကို လိုက်နာပြီး ပါကင်ဆန်ရောဂါကို ကာကွယ်လို့ရပါတယ်။

(၁) ပိုးသတ်ဆေး ပေါင်းသတ်ဆေးတွေဟာ ပါကင်ဆန်ရောဂါ ရနိုင်တယ်ဆိုတာကို သတိပြုပါ။ အချိန်ကြာမြင့်စွာ ထိတွေ့ကိုင်တွယ်ခြင်းကို ရှောင်ပါ။

သိထားသင့်တဲ့ ပါကင်ဆန်ရောဂါ

Photo : HomeQuestionsAnswered

(၂) လတ်ဆပ်တဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးပါ။ ဒီအစာတွေမှာ ပေါများစွာပါဝင်တဲ့ ဗီတာမင် ဘီအုပ်စုနဲ့ ဖောလစ်အက်ဆစ်ဓါတ်တွေက ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေကို လျော့ချ နိုင်ပါတယ်။

သိထားသင့်တဲ့ ပါကင်ဆန်ရောဂါ

Photo : Healthy Food Guide

(၃) နေ့စဉ်အစားအသောက်ထဲမှာ အိုမီဂါ(၃) ဖက်တီအက်ဆစ်များ ပါအောင်စားပါ။ ဆဲလ် ပျက်စီးမှုကို လျော့ချပေးပါတယ်။

Parkinson's

Photo : UMass Medical School

(၃) ဗီတာမင် ဒီ ဟာ ခုခံအားကို တိုးစေပါတယ်။

Parkinson's

Photo : News 18

(၄) ဓါတ်တိုးဆန့်ကျင် ပစ္စည်းပါတဲ့ လက်ဖက်စိမ်း ရေနွေးသောက်ပါ။

Parkinson's

Photo : The List

(၅) ပုံမှန် Workout  သို့မဟုတ် အေရိုးဗစ်လေ့ကျင့်ခန်းများ လုပ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ဦးနှောက်လုပ်ငန်းကို တိုးတက်စေပါတယ်။

Parkinson's

Photo : Muscle & Fitness

(၆) Co Q10 ခေါ်တဲ့ ကိုအင်ဇိုင်း ချို့တဲ့မှု ကို ပါကင်ဆန်ရောဂါရှိသူတွေမှာ တွေ့ရပါတယ်။ ဒိုပါမင်း ထွက်ရှိမှုကို အားပေးတဲ့ Coenzyme Co Q10 ပါတဲ့ အစာတွေကို စားပါ။

Parkinson's

Photo : SelfDecode Supplements

ကွီးတို့ သိထားသင့်တဲ့ ပါကင်ဆန်ရောဂါ အကြာင်းကို လေ့လာမိသလောက် ဖော်ပြပေးလိုက်ပါတယ်။ ကြိုတင်ကာကွယ် သတိပြုနိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

Source : National Institute of Aging

Featured Photo : Parkinsons’s