ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝတစ်ခု တည်ဆောက်ဖို့အတွက် သိပ္ပံနည်းကျ အကောင်းဆုံး လေ့ကျင့်ခန်း တွေရှိပါတယ်။ စားသောက်နေထိုင်မှုပုံစံ နဲ့ လေ့ကျင့်ခန်း တွေဟာ Healthy Lifestyle တစ်ခုရဖို့ အခြေခံအကျဆုံး အချက်တွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ သိပ္ပံနည်းကျ လေ့လာမှုတွေအရ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ အမှန်တကယ် ထိရောက်ပြီး အကျိုးရှိတဲ့ လေ့ကျင့်ခန်း တွေကို မျှဝေပေးချင်ပါတယ်။

(၁) ကြိုးခုန်ခြင်း

Photo : Men’s Health

လွယ်လွယ်ကူကူနဲ့ ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်း နည်းတွေထဲက တစ်ခုကတော့ ကြိုးခုန်ခြင်းပါပဲ။ ကြိုးတစ်ချောင်းရှိရုံနဲ့ အချိန်နေရာ မရွေးဆော့ကစားလို့ ရပါတယ်။ ကြိုးခုန် ကစားနည်းက ခြေထောက်အောက်ပိုင်း ကြွက်သားတွေကို အဓိက ကြံ့ခိုင်သန်မာစေပြီး ကယ်လိုရီများများ လောင်ကျွမ်းစေပါတယ်။ ဒါတင်မကသေးပါဘူး ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အသက်ကြီးချိန်မှာ ကြုံတွေ့ရနိုင်တဲ့ မှတ်ဉာဏ်လျော့ကျမှုပြဿနာကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

(၂) Weight မ ခြင်း

Photo : Muscle & Fitness

Weight မခြင်းကို Strength Training သို့မဟုတ် Resistance Training တစ်နည်းအားဖြင့် ခွန်အားနဲ့ ခံနိုင်ရည် လေ့ကျင့်ခန်းလို့ ခေါ်ပါတယ်။ Weight တုံး ၊ Weight ပြားတွေအသုံးပြုပြီး ကစားရတဲ့ ဒီလေ့ကျင့်ခန်းနည်းဟာ ကယ်လိုရီအများအပြား လောင်ကျွမ်းစေပြီးအဓိက ကြွက်သားတည်ဆောက်မှုပိုင်းမှာ အထောက်အကူ ဖြစ်စေပါတယ်။ အရိုးအဆစ်တွေကိုလည်း ကြံ့ခိုင်သန်မာစေပြီး ကြွက်သားမောက်မောက် ဘောင်ဒီတောင့်တောင့်နဲ့ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

(၃) Elliptical ကစားခြင်း

Photo : Marathon Handbook

Elliptical Trainer သို့မဟုတ် Cross-Trainer လို့လည်း ခေါ်ပါတယ်။ Elliptical Trainer ဟာ လှေကားထစ်တက်ခြင်း ၊ လမ်းလျှောက်ခြင်း သို့မဟုတ် ပြေးခြင်းအတွက် အသုံးပြုရတဲ့ လေ့ကျင့်ခန်းစက်တစ်မျိုး ဖြစ်ပါတယ်။ ခြေသလုံး ၊ ပေါင်နဲ့ ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သား အရိုးအဆစ်တွေရဲ့ ကြံ့ခိုင်သန်မာမှုအပေါ် အထိရောက်ဆုံး သက်ရောက်မှု ရှိစေပါတယ်။ ရွေ့လျားနေတဲ့ မောင်းတံလက်ကိုင်တွေကို အသုံးပြုပြီးလည်း လက်မောင်းအတွက် လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။

(၄) Crunches ကစားခြင်း

Photo : Muscle & Fitness

Crunches လေ့ကျင့်ခန်းတွေဟာ Rectus Abdominis ကြွက်သားလို့ခေါ်တဲ့ ဝမ်းဗိုက်ကြွက်သားအတွက် ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်တဝိုက်က အဆီပိုတွေ လောင်ကျွမ်းစေပြီး ကျစ်ကျစ်လစ်လစ်နဲ့ Six-Pack Abs ထွက်စေဖို့ များစွာအထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမဲ့ Crunches လေ့ကျင့်ခန်းက ကျောရိုးအပေါ် ဖိအားသက်ရောက်မှု ရှိစေတာကြောင့် ကျွမ်းကျင်သူတွေကတော့ ကျောရိုးဒဏ်ရာရထားဖူးသူတွေ မကစားဖို့ သတိပေးထားပါတယ်။

(၅) ပြေးခြင်း


Photo : Men’s Health

သိပ္ပံနည်းကျအကောင်းဆုံး လေ့ကျင့်ခန်းတွေထဲကတစ်ခုကတော့ လွယ်ကူအရိုးရှင်းဆုံး Running Exercise ပဲဖြစ်ပါတယ်။ အပြေးလေ့ကျင့် ခန်းဟာ ကယ်လိုရီ သိသိသာသာလောင်ကျွမ်းစေပြီး ခန္ဓာကိုယ် အလုံးစုံ ကြံ့ခိုင်သန်မာမှုကို တိုးစေပါတယ်။ စက်ဘီစီးခြင်း ၊ လမ်းလျောက်ခြင်းတွေထက် ကယ်လိုရီ ၂ ဆလောင်ကျွမ်းစေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

Featured Photo : Muscle & Fitness