ဘရာဇီးနောက်ခံလူ သီယာဂို ဆေးလ်ဗား ကတော့ စတန်းဖို့ဒ်ဘရစ်ချ်မှာ လေးနှစ်ကြာ ဖြတ်သန်းပြီးနောက် အခုလာမယ့် ရာသီကုန်မှာပဲ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ သိရပါတယ်။

အသက် ၃၉ နှစ်အရွယ် ဗဟိုခံစစ်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လထဲမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် အလွတ်ပြောင်းရွေ့ကြေးနဲ့ ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာပါ။

Thiago Silva

Photo : ‌We Ain’t Got No History

သီယာဂို ဆေးလ်ဗား ဟာ ခြင်္သေ့ပြာတို့အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၅၁ ပွဲ ကစားခဲ့ပြီး ၉ ဂိုးသွင်းယူပေးခဲ့ကာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလား တွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘရာဇီးသားဟာ ယနေ့ တနင်္လာနေ့မှာတော့ ရာသီကုန်မှာ ချဲလ်ဆီးကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီး အသင်းရဲ့ဝက်ဘ်ဆိုက်ကနေတဆင့် ပရိသတ်တွေထံ နှုတ်ဆက်စကား ပြောကြားလာခဲ့ပါတယ်။

” ကျွန်တော့်အတွက် ချဲလ်ဆီးက အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော် ဒီကို ၁ နှစ်လောက်ပဲနေဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့ပေမယ့် ၄ နှစ်‌ ကြာသွားခဲ့ပါတယ်။ ဒါက ကျွန်တော့်တစ်ယောက်တည်း အတွက်သာမက ကျွန်တော့် မိသားစုအတွက်လည်း ပါပါတယ်။ ကျွန်တော့်သားတွေက ချဲလ်ဆီးအတွက် ကစားပေးနေတာဆိုတော့ ချဲလ်ဆီးမိသားစုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရတာ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ဘောလုံးသမားတိုင်း ကစားချင်ကြတဲ့ ဒီကလပ်မှာ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို ဆက်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ”

” ၄ နှစ်တာ ကာလအတွင်း ကျွန်တော် ဒီကလပ်မှာ ကစားခဲ့တဲ့ တစ်လျှောက်လုံးမှာ ကျွန်တော် လုပ်နိုင်သမျှ အားလုံးကို အကောင်းဆုံး လုပ်ပေးနိုင်ခဲ့မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အရာအားလုံးက စတင်ပြီးရင် ဆက်သွားရမယ် ၊ နောက်ဆုံး အဆုံးသတ်ရမယ်ဆိုတဲ့ သဘောတရား ရှိတာပါပဲ ”

” ချဲလ်ဆီးက ကျွန်တော့်အတွက်တော့ စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်တဲ့ ချစ်ခြင်းတစ်ခုပါ။ ကျွန်တော်အနေနဲ့ ပြောနိုင်တဲ့ တစ်ခုတည်းသောစကားက ကျေးဇူးတင်ပါတယ် ဆိုတာပါပဲ။ တကယ်ကို အိပ်မက်တစ်ခု လိုပါပဲ။ ကျွန်တော့်ရဲ့ အဖြစ်ချင်ဆုံး အိပ်မက်တွေထဲမှာတောင် ဒီလို ကမ္ဘာ့ထပ်သီးကလပ်တစ်ခုနဲ့ ချန်ပီယံလိဂ်ဖလားလို ကြီးကျယ်ခမ်းနားတဲ့ ပရော်ဖက်ရှင်နယ် ဆုဖလားတွေကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ စိတ်ကူးမယဉ်မိခဲ့ပါဘူး ”

Thiago Silva

Photo : France 24

” ထွက်ခွာသွားပြီး ပြန်မလာဖြစ်တော့တဲ့ သူတွေအတွက်လည်း နှုတ်ဆက်ပါတယ်။ ကျွန်တော်ကတော့ တစ်နေ့နေ့မှာ ပြန်လာနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ကျွန်တော် ဒီနေရာကို တခြားကဏ္ဍတစ်ခုအနေနဲ့ ပြန်လာနိုင်အောင် တံခါးဖွင့်ထားပေးမယ်လို့ မျှော်လင့်မိပါတယ် ” လို့ သီယာဂို ဆေးလ်ဗား က ခံစားချက်အပြည့်နဲ့ နှုတ်ဆက်စကား ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ အေစီမီလန်ကြယ်ပွင့်ဟောင်းဟာ စနေနေ့က အက်စတွန်ဗီလာကို ၂-၂ ဂိုးနဲ့ သရေကျခဲ့တဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရခဲ့တာကြောင့် ဒီပွဲဟာ ချဲလ်ဆီးအတွက် နောက်ဆုံးကစားခဲ့တဲ့ပွဲတစ်ပွဲ ဖြစ်ကောင်းဖြစ်သွား နိုင်ပါတယ်။ ဘရာဇီးလက်ရွေးစင်ဟာ နိုင်ငံအသင်းအတွက် ၁၁၃ ပွဲကစားထားပြီး ဒီရာသီ ချဲလ်ဆီးအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၃၄ ပွဲ ပါဝင်ကစားပေး ထားပါတယ်။

Featured Photo : Citizen Digital