ချဲလ်ဆီးနည်းပြ ပိုချက်တီနို ကတော့ ယမန်နေ့ညက အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ ပွဲမှာ နောက်ကျ အနိုင်ဂိုး မပေးခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး အင်္ဂလိပ်ဘောလုံးလောကကြီး ထိခိုက်ပျက်စီးနေပြီလို့ ဒေါသအိုး ပေါက်ကွဲလျက် ရှိနေပါတယ်။

Pochettino

Photo : The Independent

အဆိုပါ ပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲပြီးဆုံးခါနီး မိနစ်ပိုင်းအလိုမှာ နောက်ခံလူ အေ့စ်စဲဒီဆာဆီရဲ့ နောက်ကျ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ ခြင်္သေ့ပြာတို့ ၃-၂ ဂိုးနဲ့ အနိုင်ရပြီလို့ ထင်ရပေမယ့် ဗီလာနောက်ခံလူ ဒီယေဂိုကားလို့စ် ကို ချဲလ်ဆီး ကစားသမား ဘာဒီယာရှီလီ က ပြစ်ဒဏ်ဘောကျူးလွန်တယ်လို့ ယူဆတာကြောင့် VAR ပြန်လည်စစ်ဆေးပြီးနောက် ဒိုင်လူကြီးက ဂိုးကို ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး နည်းပြ ပိုချက်တီနို ကတော့ ” ဒီပွဲကို ကြည့်တဲ့သူတိုင်း စိတ်ပျက်မိမှာ အသေအချာပါပဲ။ ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး ဒါဟာ ပြစ်ဒဏ်ဘောဖြစ်တယ်လို့ သတ်မှတ်ပြီး ဂိုးကိုခွင့်မပြုခဲ့တာပါ။ မယုံနိုင်လောက်အောင်ပဲ ရယ်စရာကောင်း လွန်းပါတယ်။ ဘယ်လိုမှ လက်ခံလို့မရတဲ့ အနေအထားပါ။ ပြီးခဲ့တဲ့ နှစ်ပတ်က မန်စီးတီးနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲတုန်းကလည်း ဒီလိုအခြေအနေမှာ လက်ပစ်ဘောသာ သတ်မှတ်ပြီး ပင်နယ်တီ မပေးခဲ့ပါဘူး ”

Pochettino

Photo : Evening Standard

” ဒါက အင်္ဂလိပ်ဘောလုံးလောကကို ထိခိုက်ပျက်စီးစေတဲ့အတွက် အတော်လေး နာကျင်ဖို့ ကောင်းပါတယ်။ ကျွန်တော်ထင်ပါတယ် ဗီလာကစားသမားတွေနဲ့ ပရိသတ်တွေတောင် ဘာကြောင့် ဒီဂိုးကို မပေးလဲဆိုတာ နားလည်ကြမှာ မဟုတ်ပါဘူး” လို့ ပွဲအပြီးမှာ ဒေါသတကြီး တုန့်ပြန်ပြောကြား သွားခဲ့ပါတယ်။

Featured Photo : SuperSport