ခံရခက်တဲ့ အမှန်တရားတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အသက်ကြီးလာလေလေ သူငယ်ချင်း တွေ နည်းသွားလေလေ ဆိုတာပါပဲ။ ဆယ်ကျော် သက်အရွယ်တုန်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေ အခု မရှိတော့ဘူး။ တစ်သက်လုံး ပေါင်းသွားကြမယ်လို့ ထင်ခဲ့သူတွေ ကိုယ့်အနားမှာ မရှိတော့ဘူး။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲလို့ ဆန်းစစ်ကြည့်ရင် အခုပြောမယ့်အချက်တွေ ထွက်လာနိုင်ပါတယ်။

(၁) ဦးစားပေးရမယ့်အချက်တွေ ပြောင်းသွားလို့

men

Photo : Pexels

အသက်ကြီးလာတဲ့အခါ ကိုယ်တန်ဖိုးထားတဲ့ စံတွေ ၊ ဦးစားပေး အလေးထားတဲ့အရာတွေ ပြောင်းလဲတာ သဘာဝပါပဲ။ အရွယ်ရောက်လာလို့ လုပ်ငန်းခွင် ဝင်ရချိန်မှာ အလုပ်ဟာ ကိုယ့်ရဲ့အချိန်တွေ ပုံပေးထားရတဲ့ နေရာ ဖြစ်လာပါတယ်။ အရင်က ကိုယ်မကြာခဏ တွေ့ဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့ မတွေ့ဖြစ်တော့ဘူး။ သူငယ်ချင်းတွေအတွက် အချိန်မပေးနိုင်တာနဲ့အမျှ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်မှု Level လည်း ကျကျသွားတတ်ပါတယ်။ အလုပ်တွေ နဲ့ အချိန်ဇယားတွေ မအားတာကြောင့် သူငယ်ချင်း တွေနဲ့ မတွေ့ဖြစ်ရာကနေ ရင်းနှီးသူတွေလည်း စိမ်းသွားတတ်တယ်ဆိုတာ မမေ့စေချင်ပါဘူး။

(၂) မပေါင်းသင်းတတ်လို့

Friends

Photo : Pexels

မိတ်ဖွဲ့ဖို့က လွယ်ပါတယ်။ ခိုင်မြဲတဲ့ သူငယ်ချင်း ဘဝဖြစ်ဖို့ပဲ ခက်တာပါ။ ဘယ်သူမဆို ကျောင်းတက်ရင်း ၊ အလုပ်လုပ်ရင်း ၊ ခရီးသွားရင်းနဲ့ မိတ်ဆွေတွေ ရခဲ့တာပါပဲ။ ကိုယ့်ရဲ့ မိတ်ဆွေဝတ်မကျေမှု ဒါမှမဟုတ်လည်း လူမှုရေး မသိတတ်မှုကြောင့်သာ မိတ်ဆွေမမြဲခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ မိတ်ဆက်ဖြစ်ရုံနဲ့ မပြီးပါဘူး။ သူ့ဘက် ကိုယ့်ဘက် သိတတ်ပြီး မိတ်ဆွေအင်္ဂါနဲ့ အညီ မ,စ ကူညီပေးမှလည်း တစ်သက်လုံး မြဲတဲ့ မိတ်ဆွေတွေ ဖြစ်လာမှာပါ။ ဒါကလည်း ကိုယ့်ဘက်ကတင် လိုအပ်တာမဟုတ်ဘဲ တစ်ဖက်လူကလည်း မိတ်ဆွေစိတ်နဲ့ ပေါင်းသင်းတတ်ဖို့တော့ လိုပါတယ်။

(၃) တခြားသူတစ်ယောက်ယောက် ဝင်လာလို့

Shadow

Photo : Pexels

တစ်ခါတလေမှာ ဖြစ်တတ်တာက ကိုယ်ရဲ့ Relationship ကြောင့်လည်း သူငယ်ချင်း တွေနဲ့ ဝေးကွာသွားတတ်ပါတယ်။ အထူးသဖြင့် အရာရာ ချုပ်ကိုင်ချင်တဲ့ ချစ်သူနဲ့ Relationship တစ်ခု တည်ဆောက်မိတဲ့အခါမျိုးမှာ ဖြစ်ပါတယ်။ မိတ်ဟောင်းမိတ်သစ်တွေနဲ့ မေတ္တာမပြတ်ရအောင် အကောင်းဆုံးက နားလည်မှုရှိတဲ့ Relationship ဖြစ်အောင် အစကတည်းက ညှိနှိုင်းထားဖို့ပါပဲ။

(၄) အကျင့်မကောင်းလို့

Group of Friends

Photo : Pexels

တချို့ သူငယ်ချင်း တွေက ငယ်ပေါင်းမို့သာ အဆက်မဖြတ်ရက်တာ။ အကျင့်မကောင်းတဲ့အပြင် မိတ်ဆွေမပီသတဲ့ စရိုက်လည်း ရှိတတ်ကြပါတယ်။ ဒီလို လူတွေဟာ Friendship တစ်ခုအတွက် အဆိပ်အတောက်တွေပါပဲ။ မနာလိုစိတ်ကြီးသူ ၊ မိတ်ဆွေစိတ်မရှိတဲ့သူ ၊ အချင်းချင်း ချောက်တွန်းတတ်သူမျိုးကတော့ သူငယ်ချင်းစာရင်းမှာ ကြာကြာ နေရာယူလေ့မရှိပါဘူး။

Featured Photo : journeyhomeeast