ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ သံဓာတ် ဘာကြောင့်လိုအပ်တယ် ထင်ပါသလဲ။ သံဓာတ် ဆိုတာကတော့ ဟေမိုဂလိုဘင်နဲ့ မီရိုဂလိုဘင်လို့ ခေါ်တဲ့ ပရိုတင်း ၂ မျိုးထုတ်လုပ်ဖို့ ခန္ဓာကိုယ်က အသုံးပြုရတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဟေမိုဂလိုဘင်က သွေးနီဥဆဲလ်တွေကနေ အောက်ဆီဂျင်ကို အဆုတ်မှတဆင့် ခန္ဓာကိုယ်ရဲ့ ကျန်နေရအစိတ်အပိုင်းတွေဆီ ပို့ဆောင်ပေးဖို့ ကူညီပေးပါတယ်။ မီရိုဂလိုဘင်ကတော့ ကြွက်သားတွေကို အောက်ဆီဂျင်ရအောင် ပို့ဆောင်တဲ့ တာဝန်ကိုယူပါတယ်။ ဒါကြောင့်လည်း သံဓာတ်ဟာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ဟော်မုန်းထုတ်လုပ်ရာမှာလည်း သံဓာတ်ကို လိုအပ်သလို အရွတ်နဲ့တခြား တွယ်ဆက်တစ်သျှူးတွေ ထုတ်လုပ်ရာမှာလည်း သံဓာတ်က အရေးကြီးပါတယ်။

သံဓာတ် အလုံအလောက် မရရင် ဘာဖြစ်မလဲ

Photo : Web MD

သံဓာတ် အလုံအလောက် မရတဲ့အခါမှာ အစောပိုင်းမှာတော့ သိပ်ပြီး ထူးထူးခြားခြား လက္ခဏာပြတာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။ ဘာလို့ဆို ခန္ဓာကိုယ်က ကြွက်သားတွေ ၊ အရိုးတွေ ၊ အသည်းနဲ့ အခြားအစိတ်အပိုင်းတွေမှာ သိုလှောင်ထားတဲ့ သံဓာတ်တွေကို ထုတ်ယူသုံးစွဲမှာ ဖြစ်တာကြောင့်ပါ။ ဒါပေမယ့် ဒီထောက်ပံ့မှုတွေ ကုန်သွားတဲ့အခါမှာတော့ သွေးနီဥတွေက ပိုသေးငယ်လာပြီး ဟေမိုဂလိုဘင်တွေ လျော့နည်းလာပါလိမ့်မယ်။ ဆိုလိုတာကတော့ သင့်ခန္ဓာကိုယ်တစ်လုံးမှာ အောက်ဆီဂျင်လျော့နည်းသွားပြီး သွေးအားနည်းရောဂါကို စတင်ခံစားလာရမှာ ဖြစ်ပါတယ်။

သွေးအားနည်းရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ

Photo : Web MD

မောပန်းနွမ်းနယ်ခြင်း ၊ အားအင်ကုန်ခမ်းခြင်း သို့မဟုတ် မူးဝေခြင်း တို့ကို ခံစားရနိုင်ပြီး အသားအရေ ဖြူဖျော့တာ ၊ သွေးခုန်နှုန်းမြန်တာ ၊ ခြေလက်တွေအေးတာ ၊ ခေါင်းကိုက်တာနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကတော့ အဖြစ်အများဆုံး သွေးအားနည်းရောဂါရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ သွေးအားနည်းခြင်းက ကိုယ်ခံအားစနစ်ပေါ်မှာပါ သက်ရောက်မှု ရှိစေတာကြောင့် မကြာခဏ ဖျားနာစေနိုင်ပြီး ခန္ဓာကိုယ်အပူချိန် မမှန်တာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ မှတ်မိနိုင်စွမ်းတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ တချို့သံဓာတ်အလုံအလောက်မရပဲ သွေးအားနည်းရောဂါခံစားနေရတဲ့ ကလေးတွေမှာ သင်ယူမှုဆိုင်ရာ အားနည်းခြင်းပြဿနာတွေပင် ဖြစ်နိုင်ပါတယ်။

ဘာတွေက သံဓာတ်နည်းခြင်းကို ဖြစ်စေသလဲ

Photo : Web MD

အဓိကတော့ စားသောက်နေထိုင်မှုပုံစံနဲ့ အများကြီးသက်ဆိုင်ပါတယ်။ အသား ၊ ငါး တွေလို သံဓာတ်များများ ရနိုင်တဲ့ အစားအစာတွေ သိပ်မစားဖြစ်ဘူးဆိုရင် သံဓာတ်အားနည်းခြင်းကို ပိုဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ လစဉ်ဓမ္မတာခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းတွေကြောင့် အမျိုးသားတွေထက်ပိုပြီး သံဓာတ်အားနည်းတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ နောက်တစ်ခုကတော့ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အသက်ကြီးလာတာနဲ့အမျှ အာဟာရဓာတ်ချို့တမှုကြောင့် သံဓာတ်ပမာဏ ကျဆင်းလာတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

သားသတ်လွတ် စားသူတွေအနေနဲ့ သံဓာတ်ဘယ်လိုရနိုင်မလဲ

Photo : Web MD

သံဓာတ်ကို အသားငါးတွေကနေ အဓိကရတယ်ဆိုတာကြောင့် သားသတ်လွတ်စားသူတွေအနေနဲ့ ဘယ်လိုဘယ်ပုံ သံဓာတ် ရနိုင်လဲဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ငါး၊ ကြက်သားနဲ့ အသားတွေလို ဟင်းသီးဟင်းရွက်တွေကနေ သံဓာတ်ကို အလွယ်တကူ စုပ်ယူနိုင်ခြင်း မရှိနိုင်ပါဘူး။ ဒါကြောင့်ပဲ သားသတ်လွတ်စားသူတွေဟာ သာမန်လူတွေထက် သံဓာတ် ၂ ဆ ပိုလိုအပ်တယ်လို့ ဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။ အသက် ၁၉ နှစ်ကနေ အသက် ၅၀ ကြား အမျိုးသားတွေအနေနဲ့ တစ်ရက်ကို သံဓာတ် ၁၄ မီလီဂရမ် လိုအပ်ပြီး အမျိုးသမီးတွေအနေနဲ့တော့ တစ်ရက်ကို သံဓာတ် ၃၂ မီလီဂရမ် လိုအပ်တယ်လို့ ဆိုပါတယ်။ သားလွတ်သမားတွေအနေနဲ့ အသားငါးကလွဲပြီး တခြား ပဲ ၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို စုံလင်အောင်စားဖို့ လိုပါတယ်။ လိမ္မော်သီး၊ ငရုတ်သီးအနီ၊ စတော်ဘယ်ရီသီး၊ ဘရိုကိုလီ တို့လိုအစားအစာတွေမှာ ဗီတာမင် C ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် C ဓာတ် များများစားရင် ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကို အားကောင်းစေနိုင်ပါတယ်။

ဘယ်အစားအစာတွေက သံဓာတ်ကို ပေးစွမ်းသလဲ

Photo : Web MD

ကရုကမာ ၊ အမဲအသည်း ၊ ပဲဖြူ ၊ ပဲနီလေးနဲ့ ဟင်းနုနွယ်ရွက်တွေဟာ သံဓာတ် အရင်းအမြစ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ အဆီနည်းတဲ့ အသားတွေ ၊ ပင်လယ်စာနဲ့ ကြက်ရင်ပုံသားတွေကနေလည်း သံဓာတ်များများ ထောက်ပံ့ပေးနိုင်ပြီး ပဲအမျိုးမျိုး ၊ အခွံမာသီး၊ အစေ့အဆံများ ၊ သစ်သီးခြောက်များ ၊ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ အစိမ်းရောင်အရွက်တွေဟာလည်း သံဓာတ်စုပ်ယူမှုကို အားကောင်းစေဖို့ ကူညီပေးပါတယ်။ ပေါင်မုန့်နဲ့ Cereal တို့လို မနက်ခင်း အစားအစာတွေမှာလည်း သံဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ လိုအပ်ပါက သံဓာတ်အားဖြည့်ဆေးနဲ့ ဖြည့်စွက်ဆေးဝါးတွေကို ဆရာဝန်ရဲ့ လမ်းညွှန်ချက်နဲ့အညီ မှီဝဲနိုင်ပါတယ်။

လိုအပ်တာထက်ပိုပြီး သံဓာတ် အလွန်အကျွံ မှီဝဲမိပါကလည်း ဗိုက်အောင့်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ ပျို့အန်ခြင်း ၊ ဝမ်းလျှောခြင်းနဲ့ မူးဝေခြင်းတွေကို ဖြစ်နိုင်ပါတယ်။ သံဓာတ်ဖြည့်တင်းပေးတဲ့ သံဓာတ်အားဖြည့်ဆေးတွေ အလွန်အကျွံသောက်ပါက အသက် ၆ နှစ်အောက် ကလေးတွေမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုး ကြီးပါတယ်။ အရွယ်ရောက်ပြီးသူ အများစုကတော့ တစ်နေ့လျှင် သံဓာတ် ၄၅ မီလီဂရမ်ထက် ပိုပြီး မမှီဝဲသင့်ပါဘူး။ သံဓာတ်အားဖြည့်ဆေးတွေ သောက်မယ်ဆိုရင် ဆရာဝန်ကို ဦးစွာမေးမြန်းတိုင်ပင်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Featured Photo : Men’s Health