ဘောလုံးသမားတစ်ယောက်ရဲ့ဘဝမှာ Hat-Tricks ရတယ်ဆိုတာ ထူးကဲတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုပါပဲ။ Hat-Trick ဆိုတာ ဘောလုံးပွဲတစ်ပွဲတည်းမှာကို တစ်ဦးတည်းနဲ့ ၃ ဂိုးသွင်းနိုင်တာကို ခေါ်တာပါ။ ရိုးရိုးကလပ်အသင်း လိဂ်ပွဲလေးတွေမှာတောင် တစ်ဖက်အသင်းကို ဟက်ထရစ်သွင်းနိုင်ရင် အတော်ကြီးဂုဏ်ယူရတဲ့ ကိစ္စဖြစ်ပါတယ်။

ဥရောပချန်ပီယံ UEFA ချန်ပီယံလိဂ်ဖလားလို အင်္ဂလန်နဲ့ ဥရောပထိပ်ထိပ်ကြဲ အသင်းကြီး ၃၂ သင်းက အကျော်အမော်တွေ ယှဉ်ပြိုင်ကြတဲ့ UEFA Champion League လို ဖလားပွဲစဉ်ကြီးမှာ ဟက်ထရစ်သွင်းနိုင်တာကတော့ ကစားသမား တစ်ယောက်ရဲ့ မှတ်တိုင်တစ်ခုအဖြစ်ရော ဘောလုံးလောကအတွက်ပါ အရေးပါအရာရောက်လှပါတယ်။

ဒီတစ်ခေါက်မှာတော့ ချန်ပီယံလိဂ် တစ်လျှောက် ဟတ်ထရစ် အများဆုံး သွင်းဂိုးပိုင်ရှင် ကစားသမား ၅ ဦးနဲ့ ဘောလုံးချစ်ပရိသတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါတယ်။

(၅) မာရီယို ဂိုမက်ဇ်

Mario Gomez

Photo : fcbayern

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်း မာရီယိုဂိုမက်ဇ်ဟာ UEFA ချန်ပီယံလိဂ်မှာ ဟက်ထရစ် ၃ ကြိမ်သွင်းပြီး ဟက်ထရစ်အများဆုံး သွင်းဂိုးပိုင်ရှင်နေရာမှာ အဆင့် ၅ က ရပ်တည်နေပါတယ်။ ဂိုမက်ဇ်ဟာ ဘိုင်ယန်မြူးနစ်သမိုင်းမှာ အတော်ဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးလည်း ဖြစ်ပြီး ၂၀၁၂-၂၀၁၃ ရာသီမှာ အသင်းကို ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်ပါဝင်ခဲ့ပါတယ်။

(၄) ဖီလစ်ပို အင်ဇာဂီ

Filippo Inzaghi of AC Milan

Photo : worldfootballindex

မျိုးဆက်တစ်ခုရဲ့ အကောင်းဆုံးတိုက်စစ်တွေထဲမှာ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်တို့မှာ ကစားခဲ့တဲ့ အင်ဇာဂီလည်း အပါအဝင်ဖြစ်ပါတယ်။ အီတလီတိုက်စစ်မှူး အင်ဇာဂီဟာ ဂျူဗင်တပ်စ်နဲ့ UEFA ချန်ပီယံလိဂ် မှာ ဟက်ထရစ် ၂ ကြိမ် ၊ အေစီမီလန်နဲ့ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် သွင်းယူခဲ့သူလည်း ဖြစ်ပါတယ်။ အားကစားသမားဘဝမှာ အေစီမီလန်အသင်းနဲ့အတူ UEFA Champion League (UCL) ဖလား ၂ ကြိမ် ယူခဲ့သူလည်း ဖြစ်ပါတယ်။

(၃) ရောဘတ် လီဝင်ဒေါ့စကီး

Bayern Munich's Robert Lewandowski

Photo : japantimes

ပိုလန်သား ဘိုင်ယန်မြူးနစ်ရဲ့ သူရဲကောင်း လီဝင်ဒေါ့စကီးကို ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၉-၂၀၂၀ ရာသီခွင်မှာကိုပဲ သူဟာ UCL ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ရခဲ့ပါတယ်။ ဘိုင်ယန်နဲ့ ဒေါ့မွန်အသင်းတွေမှာ ကစားခဲ့ပြီး ဘိုင်ယန်အသင်းနဲ့အတူ UCL မှာ ဟက်ထရစ် ၃ ကြိမ် ၊ ဒေါ့မွန်မှာ ၁ ကြိမ် စုစုပေါင်း ၄ ကြိမ်အထိ ဟက်ထရစ်သွင်းခဲ့တဲ့ မှတ်တမ်း ရှိပါတယ်။

ဒီဘိုင်ယန်တိုက်စစ်မှူးဟာ ပြိုင်ပွဲသမိုင်းမှာ ထိပ်တန်းဂိုးသွင်းအများဆုံး တိုက်စစ်အဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။ UEFA ချန်ပီယံလိဂ်တစ်လျှောက်မှာ စုစုပေါင်း ၈၅ ဂိုး သွင်းခဲ့ပြီး တတိယဂိုးသွင်း အများဆုံးဆုရှင်လည်း ဖြစ်ပါတယ်။ သူ့အထက်မှာ ခရစ္စတီယာနို ရော်နယ်ဒို (ဂိုး ၁၄၀) နဲ့ လိုင်ယွန်နယ်မက်ဆီ (၁၂၅ ဂိုး) တို့က UCL ရဲ့ အများဆုံး သွင်းဂိုးရှင်တွေအဖြစ် ရပ်တည်နေပါတယ်။

(၂) ခရစ္စတီယာနို ရော်နယ်ဒို

Cristiano Ronaldo

Photo : marca

အငြင်းပွားဖွယ်မရှိ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ UCL သမိုင်းမှာ သွင်းဂိုးအများဆုံးလည်း ဖြစ်သလို ဟက်ထရစ်ချည်း ၈ ကြိမ်ရထားတဲ့ ကစားသမားအဖြစ် ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ရခဲ့တဲ့ သူဟာ ပွဲပေါင်း ၁၈၁ ပွဲပါဝင် ကစားခဲ့ပြီး ဂိုးပေါင်း ၁၄၀ အထိ စံချိန်တင် သွင်းခဲ့တာပါ။

UCL လိဂ်အတွက် သူဟာ မန်ချက်စတာ ယူနိုက်တက် ၊ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ်စ်အသင်းတွေကို ကိုယ်စားပြု ကစားခဲ့ပြီး မက်ဒရစ်အသင်းတစ်သင်းတည်းမှာတင် ဟက်ထရစ် ၇ ကြိမ်အထိ စံချိန်တင် သွင်းခဲ့ပြီး ကျန်တဲ့ ဟက်ထရစ် ၁ ခုက ဂျူဗင်တပ်စ်အသင်းမှာ ကစားတုန်း သွင်းယူခဲ့တာပါ။ လက်ရှိ မန်ချက်စတာ ယူနိုက်တာမှာ ကစားနေတဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ ပြိုင်ပွဲတစ်လျှောက် စတုတ္ထအမြန်ဆုံး ဟက်ထရစ်ပိုင်ရှင်လည်း ဖြစ်ပါတယ်။ ထူးခြားတာက ၂၀၁၅/၁၆ ရာသီတစ်ခုတည်းမှာတင် သူဟာ ဟက်ထရစ် ၃ ကြိမ် သွင်းခဲ့တာ ဖြစ်ပါတယ်။

(၁) လိုင်ယွန်နယ် မက်ဆီ

Lionel Messi

Photo : Sports Illustrated

PSG မှာ မပျော်ဘူးလို့ သတင်းတွေ ထွက်နေတဲ့ အာဂျင်တီးနားဂန္ဓဝင်တိုက်စစ်မှူးဟာ UEFA Champion League မှာ ဟက်ထရစ် ၈ ကြိမ်တိုင် သွင်းထားတဲ့ ကစားသမား အဖြစ် မှတ်တမ်းတင်ထားပါတယ်။ တခြားတိုက်စစ်မှူးတွေနဲ့ မတူတာက ဒီ ၈ ကြိမ်လုံး စပိန်အသင်း ဘာစီလိုနာကလပ်မှာ ကစားရင်း သွင်းခဲ့တာပါ။

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ မက်ဆီဟာ UCL သမိုင်းမှာ ရော်နယ်ဒိုပြီးရင် ဒုတိယသွင်းဂိုးအများဆုံး ကစားသမား လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ စံချိန်တစ်ခုက UCL ပြိုင်ပွဲတစ်လျှောက် ကလပ်အသင်းတစ်ခုတည်းမှာ ကစားပြီး ဂိုးအများဆုံးသွင်းထားခြင်း ဖြစ်ပါတယ်။

ဒီစာရင်းမှာ မဖော်ပြဖြစ်ခဲ့ပေမယ့် ဟက်ထရစ် ၃ ကြိမ်အထိ သွင်းထားတဲ့ နောက်ထပ် ကစားသမား ၃ ဦးကတော့ လူးဝစ် အဒရီယာနို (ရှက်တာ ဒိုးနပ်စ်) ၊ နေမာ (ဘာစီလိုနာ ၁ ကြိမ် ၊ PSG ၂ ကြိမ်) နဲ့ ကာရင်မ် ဘန်ဇီမား (ရီးရဲလ်မက်ဒရစ်) တို့လည်း ဟက်ထရစ် အများဆုံး တိုက်စစ်မှူးတွေအဖြစ် ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။

Featured Photo : frontofficesports