ဘောလုံးလောကရဲ့ အထင်ကရဖလားတစ်လုံးဖြစ်တဲ့ UEFA Champions League ဖလားဟာ ဥရောပဘောလုံးအသင်းတိုင်းအတွက် ဂုဏ်ယူစရာဖလားတစ်လုံးပါပဲ။ ဥရောပလိဂ်ထဲက အကောင်းဆုံးအသင်းတွေ ယှဉ်ပြိုင်ရတာဖြစ်လို့ ဘောလုံးယဉ်ကျေးမှုရသစုံလင်သလို ဖျော်ဖြေနိုင်စွမ်းလည်း မြင့်မားကြပါတယ်။

UEFA Champions League သမိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက ပထမဆုံး သွင်းဂိုး ၁၀၀၀ စံချိန်တင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအပြင် ဥရောပချန်ပီယံလိဂ်ဖလားမှာ ဂိုးသွင်းအများဆုံး ထိပ်တန်းအသင်းတွေက ဘယ်အသင်းတွေ ဖြစ်မလဲ။

(၅) ဂျူဗင်တပ်စ် – ၄၆၈ ဂိုး

Juventus

Photo: beinsports

UEFA Champions League သမိုင်းမှာ ပဉ္စမမြောက်ဂိုးသွင်းအများဆုံးအသင်းက ဂျူဗင်တပ်စ်ဖြစ်ပါတယ်။ အီတလီရဲ့ အအောင်မြင်ဆုံးကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး UEFA ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရထားပါတယ်။ အီတလီအသင်းတွေထဲမှာ အေစီမီလန် (၇ ကြိမ်) နဲ့ အင်တာမီလန် (၃ကြိမ်) ပြီးရင် ဂျူဗင်တပ်စ်က အများဆုံးဖြစ်ပါတယ်။ ဖလားရရှိမှုမှာ အေစီနဲ့ အင်တာတို့လောက် အကြိမ်ရေမများပေမယ့် သွင်းဂိုးအားဖြင့် အီတလီအသင်းတွေထဲမှာ အများဆုံးပါပဲ။

(၄) မန်ချက်စတာ ယူနိုက်တက် – ၅၂၉ ဂိုး

Manchester United

Photo: we all follow united

အင်္ဂလန်အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ UEFA ချန်ပီယံလိဂ်မှာ သွင်းဂိုး ၅၂၉ ဂိုး သွင်းထားပါတယ်။ ဖလားအနေနဲ့ ၁၉၆၇/၆၈ ၊ ၁၉၉၈/၉၉ နဲ့ ၂၀၀၇/၀၈ ဆိုပြီး ၃ ကြိမ် ရထားပါတယ်။ အင်္ဂလန်အသင်းတွေထဲမှာ ချန်ပီယံလိဂ်ဖလား ၆ ကြိမ် ရထားတဲ့ လီဗာပူးပြီးရင် ဒုတိယမြောက်အအောင်မြင်ဆုံး အင်္ဂလန်အသင်းလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပွဲပေါင်း ၁၅၉ ပွဲပဲ ကစားခဲ့ရာမှာ သွင်းဂိုးအရေ အတွက်အရ သူ့ထက် ဖလားအကြိမ်ရေ ပိုများတဲ့ လီဗာပူးအသင်းထက်တောင် သွင်းဂိုးများပါတယ်။

(၃) ဘာစီလိုနာ – ၆၅၅ ဂိုး

FC Barcelona

Photo: transfery

လာလီဂါထိပ်သီး ဘောလုံးအသင်းကြီးတစ်သင်းဖြစ်တဲ့ ဘာစီလိုနာဟာ UEFA ချန်ပီယံလိဂ်ရဲ့ တတိယဂိုးသွင်းအများဆုံးအသင်း ဖြစ်ပြီး စုစုပေါင်း ၆၅၅ ဂိုး သွင်းထားပါတယ်။ UEFA ဖလားကိုတော့ ၁၉၉၁/၉၂ ၊ ၂၀၀၅/၂၀၀၆ ၊ ၂၀၀၈/၀၉ ၊ ၂၀၁၀/၁၁ ၊ ၂၀၁၄/၁၅ ဆိုပြီး ၅ ကြိမ်တိုင် ရထားပါတယ်။ စပိန်အသင်းတွေထဲမှာ ဒုတိယမြောက် ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးအသင်းလည်း ဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ တောက်ပတဲ့ နေ့ရက်တွေမှာ လက်ရှိ ပီအက်စ်ဂျီရောက် လိုင်ယွန်နယ်မက်ဆီရဲ့ ဩဇာကလည်း အရေးပါဝင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဖလားမှာ ပွဲပေါင်း ၁၉၅ ပွဲ ကစားခွင့်ရခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။

(၂) ဘိုင်ယန်မြူးနစ် – ၇၆၈ ဂိုး

Bayern Munich

Photo: AA

ဂျာမန်ဘောလုံးလောကရဲ့ အင်အားအကြီးဆုံးနဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီစာရင်းမှာတော့ ဒုတိယနေရာက ရှိပါတယ်။ ဂိုးပေါင်း ၇၆၈ ဂိုးအထိ သွင်းထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဘာစီလိုနာနဲ့ ကွာတားဖိုင်နယ် တွေ့ဆုံချိန်မှာ ၂ ဂိုး ၈ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲကတော့ ပရိသတ်တွေ မမေ့နိုင်သေးတဲ့ ပွဲကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

(၁) ရီးရဲလ်မက်ဒရစ် -၁၀၀၁ ဂိုး

real-madrid-flag

Photo: indianexpress

အပေါ်မှာ ပြောခဲ့သလိုပါပဲ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ UEFA Champions League သမိုင်းမှာ သွင်းဂိုး ၁၀၀၀ ကျော် စံချိန်တင် သွင်းနိုင်ခဲ့တဲ့ ဘောလုံးအသင်းတစ်သင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားအနေနဲ့ ၁၉၅၅/၅၆ ၊ ၁၉၅၆/၅၇ ၊ ၁၉၅၇/၅၈ ၊ ၁၉၅၈/၅၉ ၊ ၁၉၅၉/၆၀ ၊ ၁၉၆၅/၆၆ ၊ ၁၉၉၇/၉၈ ၊ ၁၉၉၉/၀၀ ၊၂၀၀၁/၀၂ ၊ ၂၀၁၃/၁၄ ၊ ၂၀၁၅/၁၆ ၊ ၂၀၁၆/၁၇ နဲ့ ၂၀၁၇/၁၈ ဆိုပြီး ၁၃ ကြိမ်တိုင် ရထားသလို ပြိုင်ပွဲမှာ ၂၇၁ ပွဲအထိ ပွဲအများဆုံး အနိုင်ရထားတဲ့မှတ်တမ်းလည်း ပိုင်ဆိုင်ထားပါတယ်။

Featured Photo: eurosport