ရယ်မောခြင်းက ကျွန်တော်တို့အတွက် သဘာဝကပေးတဲ့ အသက်ရှည်ဆေးပါပဲ။ ကျွန်တော်တို့ ရှင်သန်ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝကြီးထဲမှာ အဘက်ဘက်က ဖိအားတွေ ၊ စိတ်မွန်းကြပ်စရာတွေ ၊ ပင်ပန်းမှုတွေနဲ့ တစ်ရက်တာအတွင်းမှာ ရယ်မောဖို့ကိုပင် မေ့နေတက်ကြပါတယ်။ တစ်ခါတစ်လေမှာ အားရပါးရ ရယ်မောလိုက်ရတာက ကျွန်တော်တို့ ဘဝထဲကအဆင်မပြေမှုတွေအားလုံးကို ရှင်းထုတ်လိုက်သလို ပေါ့ပါးပြီးသက်တောင့်သက်သာဖြစ်စေတဲ့ ခံစားမှုကို ရစေပါတယ်။ ကွီးတို့အနေနဲ့ ဒီလို အားရပါးရ ရယ်ချင်တယ် ၊ ဟက်ဟက်ပက်ပက် ရယ်ဖို့လိုနေတယ်ဆိုရင်တော့ အခုပြောပြမယ့် ရုပ်ရှင်ဇာတ်ကားလေးတွေက အများကြီး အကူအညီ ဖြစ်စေပါလိမ့်မယ်။

(၁) You Are So Not Invited To My Bat Mitzvah (2023)

Source : Netflix

IMDb Rating 6.0/10 ရရှိထားတဲ့ ဟာသဇာတ်ကားကောင်းလေးပါ။ Comedy ရုပ်ရှင်တွေနဲ့ နာမည်ကျော်တဲ့ အမေရိကန်သရုပ်ဆောင် ဟာသမင်းသားကြီး Adam Sandler နဲ့အတူ သမီးဖြစ်သူ Sunny Sandler တို့ရဲ့ တွဲဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကားလေး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် မိသားစုဟာသကားလေးဖြစ်ပြီး ဆယ်ကျော်သက် မိန်းကလေးတွေကြားက ပြဿနာလေးတွေကို ဟာသနှောပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

(၂) They Cloned Tyrone (2023)

Source : Netflix

ဒီဇာတ်ကားလေးကတော့ လျို့ဝှက်ဆန်းကြယ်မှုတွေနဲ့အတူ ရယ်စရာဟာသ ဇာတ်ဝင်ခန်းတွေပါတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ အမေရိကန် လူမည်းဟာသ သရုပ်ဆောင် Jamie Foxx ၊ အင်္ဂလိပ်မင်းသား John Boyega နဲ့ မင်းသမီးချော Teyonah Parris တို့က အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ လူငယ်ဒါရိုက်တာ Juel Taylor ရဲ့ဖန်တီးမှု လက်ရာဖြစ်ပြီး IMDb Rating 6.6/10 ရရှိထားပါတယ်။

(၃) The Perfect Find (2023)

Source : Netflix

The Perfect Find ဇာတ်ကားလေးကတော့ အချစ်ဒရမ်မာ ဟာသဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အမေရိကန်မင်းသမီးချော Gabrielle Union က အဓိကဇာတ်ကောင်နေရာကနေပါဝင် သရုပ်ဆောင်ထားပြီး Gina Torres ၊ Keith Powers ၊ Aisha Hinds နဲ့ La La Anthony စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်အားဖြည့်ထားပါတယ်။ ဒီဇာတ်ကားလေးဟာ အမေရိကန် စာရေးဆရာမ Tia Williams ရဲ့ နာမည်တူ ဂန္တဝင်အချစ်ဟာသ ဝတ္ထုကိုအခြေခံပြီး ရုပ်ရှင်ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb Rating အနေနဲ့တော့ 5.2/10 ရရှိထားပါတယ်။

(၄) You People (2023)

Source : Netflix

ဒီဇာတ်ကားလေးကလည်း ပျော်ရွှင်ရယ်မောစရာကောင်းတဲ့ အချစ်ဟာသ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ လူနှစ်ဦးပေါင်းဖက်တာဟာ မိသားစုနှစ်ခု ပေါင်းဖက်တာပဲ မဟုတ်လား။ ဒီလို မတူညီတဲ့ မိသားစုနှစ်ခု ပေါင်းဖက်ကြတဲ့အခါ ပြဿနာလေးတွေ ရှိကြတာကလည်း သဘာဝပါပဲ။ ဒီဇာတ်ကားလေးဟာ လူမျိုးမတူ ၊ ယဉ်ကျေးမှုမတူကွဲပြားတဲ့ မိသားစုနှစ်စုကြားက အရှုပ်တော်ပုံ ပြဿနာလေးတွေကို ဟာသနှောပြီး ရိုက်ကူးပြထားတာပါ။ Jonah Hill ၊ Lauren London ၊ Eddie Murphy နဲ့ Julia Louis-Dreyfus တို့လိုနာမည်ကြီးတွေ အများကြီးပါဝင်သရုပ်ဆောင်ထားပြီး IMDb Rating 5.5/10 ရရှိထားပါတယ်။

Featured Photo : Netflix