အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံနဲ့ကစားမယ့် ပွဲစဉ်ကို လွဲချော်မှာ ဖြစ်တယ်လို့ ခြင်္သေ့သုံးကောင် နည်းပြ ဂါရတ် ဆောက်ဂိတ်က အတည်ပြုပြောကြား သွားခဲ့ပါတယ်။

Harry Kane
Photo : SPORTbible

အသက် ၃၀ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုလ ၁၆ ရက်နေ့က ဘိုင်ယန်မြူးနစ်နဲ့အတူ ဒမ်စတက်အသင်းကို ၅ – ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်အတွင်း ဂိုးတိုင်နဲ့တိုက်မိပြီး ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ အဆိုပါ ခြေကျင်းဝတ် ဒဏ်ရာကြောင့် မနေ့ညက ဘရာဇီးလ်ကို ၀ – ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ခြင်းမရှိခဲ့သလို အင်္ဂါနေ့မှာ ကစားမယ့် ဘယ်လ်ဂျီယံနဲ့ နိုင်ငံတကာပွဲစဉ်ကိုလည်း လွဲချော်သွားမှာ ဖြစ်ပါတယ်။

နည်းပြ ဂါရတ် ဆောက်ဂိတ်ကတော့ လက်ရှိအချိန်မှာ တိုက်စစ်မှူးဟာ ဂျာမနီကို ပြန်ပြီး ဆေးကုသမှုခံယူမှာ ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပြီး ” ဟုတ်ပါတယ်၊ သူ (ဂျာမနီကို) ပြန်ရပါလိမ့်မယ်။ သူက အင်္ဂါနေ့မှာ ကစားမယ့်ပွဲစဉ်အတွက်လည်း ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး ” လို့ ပြောကြားသွားခဲ့ပါတယ်။

Harry Kane and Gareth Southgate

Photo : The Mirror

ကိန်းဟာ ကနဦးက ဘရာဇီးလ်နဲ့ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်တွေအတွက် နည်းပြ ဆောက်ဂိတ် ရဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း ဒဏ်ရာအခြေအနေကြောင့် ယမန်နေ့ညက ဘရာဇီးလ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့ကာ အဆိုပါပွဲစဉ်အတွင်းမှာ အသင်းခေါင်းဆောင်လက်ပတ်ကို မန်စီးတီးနောက်ခံလူ ကိုင်လီဝေါ်လ်ကာက ဝတ်ဆင်ကစားခဲ့ပါတယ်။

ဟယ်ရီကိန်း ဟာ ဒမ်စတက်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃၁ ဂိုးမြောက် လိဂ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ဒေါ့မွန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာပဲ ဖြစ်ပါတယ်။

Featured Photo : The Mirror