ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ် က တိုက်စစ်မှူး ဟာလန်း ကို ခေါ်ယူဖို့ လွဲချော်ခဲ့ပြီးနောက်မှာ နော်ဝေသားဟာ ရီးရဲလ်အသင်းမှာဆိုရင် အရန်ခုံမှာထိုင်ရမယ့် ကစားသမားအဆင့်သာ ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo : SPORTbible

ယခုနွေရာသီမှာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ အပြိုင်အဆိုင်ကြိုးပမ်းခဲ့တဲ့ ထိပ်တန်းအသင်းတွေထဲမှာ ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာစီးတီးအသင်းကပဲ နော်ဝေလက်ရွေးစင်ကြယ်ပွင့် ကစားသမားနဲ့ သဘောတူညီမှုရရှိခဲ့ပြီး ပြောင်းရွှေ့ကြေးပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း အဓိကပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး အမ်ဘာပေကလည်း ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့ပြီး ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် ဒါဟာ ရီးရဲလ်မက်ဒရစ်အတွက် ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ရဲ့ ဒုတိယမြောက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ်က ဟာလန်းကိုခေါ်ယူဖို့ အသည်းအသန် စိတ်ဝင်စားခဲ့ခြင်းမရှိကြောင်းနဲ့ အသက် ၂၁ နှစ်သာရှိသေးတဲ့ ကစား သမားအတွက် အရန်ခုံနေရာကသာ သင့်တော်မည်ဖြစ်ကြောင်း ပြောခဲ့ပြီး Ballon d’Or ဆုအတွက် ရေပန်းစားနေတဲ့ ဘန်ဇီမာကို ကျော်ပြီး ပွဲထွက်ကစားခွင့်ပေးမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Photo : SPORTbible

” ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၉ ကစားသမား တစ်ယောက်လုံးရှိနေတာပါ ၊ သူ့ကို အရန်ခုံမှာ ထိုင်ခိုင်းပြီး ဟာလန်းကို ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ၊ ၂ နှစ်အတွင်းဆိုတဲ့ သဘောလား ၊ ကျွန်တော်မသိပါဘူး ၊ အခုကျွန်တော်တို့ အသင်းမှာရှိပြီးသား လူငယ်တွေနဲ့ အသင်းကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ထက် တခြားစိတ်ဝင်စားတာ မရှိပါဘူး ” လို့ ပီရက်ဇ်က El Chiringuito သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Featured Photo : Daily Star