နော်ဝေ လက်ရွေးစင် ဘောလုံးအသင်းနည်းပြဖြစ်သူ ဆိုလ်ဘက်ကန်က သူတို့ရဲ့ လက်ရွေးစင် တိုက်စစ် ကစားသမား အာလင်း ဟာလန်းအနေနဲ့ ဒီနှစ်ရဲ့ Ballon d’Or ဆုရှင် မဖြစ်လာနိုင်သေးကြောင်းနဲ့ လီယွန်နယ် မက်ဆီကပဲ ဒီဆုကို ထပ်မံ ရယူသွားဦးမှာဖြစ်ကြောင်း သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

haaland

Photo Credit : Twitter

ပြီးခဲ့တဲ့နှစ် နွေကမှ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နော်ဝေ တိုက်စစ်မှူး ဟာလန်းက သူရဲ့ စီးတီး ကစားသမားဘဝ ပွဲဦးထွက် ဘောလုံးရာသီမှာပဲ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား + ပရီးမီးယားလိဂ်ဖလား + အက်ဖ်အေဖလားတို့ကို ပိုင်ဆိုင်ရင်း Treble Champions ဖြစ်ခဲ့ရသလို အသင်းအတွက် သွင်းဂိုးတွေများစွာ သွင်းယူပေးရင်း ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး စံချိန်သစ် စိုက်ထူနိုင်ခဲ့သလို ဂိုးပေါင်းများစွာလည်း သွင်းယူနိုင်ခဲ့ပါသေးတယ်။

messi haaland

Photo Credit : Sport Brief

သူရဲ့ မန်စီးတီး ကစားသမားဘဝ ပထမဆုံးသော ဘောလုံးရာသီမှာပဲ တစ်ဦးချင်းဆုတွေဖြစ်တဲ့ PFA Award , UEFA Awards တို့ကိုပါ ပိုင်ဆိုင်ခဲ့တာကြောင့် ဟာလန်းက Ballon d’Or ဆုအတွက်လည်း ပိုမို ရေပန်းစားလာခဲ့ရပါတယ်။ ဒါပေမယ့် ဒီ Ballo d’Or ဆုပေးပွဲက ပြီးခဲ့တဲ့နှစ်ကနေ စတင်ပြီး ပြက္ခဒိန် တစ်နှစ်တာအတွင်း အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ ကစားသမားကို ရွေးချယ်ကာ ဆုပေးတဲ့ ပုံစံမျိုး မဟုတ်တော့ပဲ ဘောလုံးရာသီ တစ်ရာသီအတွင်းမှာ ထူးချွန်တဲ့ ကစားသမားကိုပဲ ရွေးချယ် ပေးအပ်တဲ့ ပုံစံ ဖြစ်သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ ပြီးခဲ့တဲ့ ရာသီမှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲပါ ကျင်းပဖြစ်ရင်း မက်ဆီက အာဂျင်တီးနားအတွက် ခြေစွမ်းပြရင်း ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့သေးတာကြောင့် ဖလား (၃)လုံးရထားတဲ့ ဟာလန်းထက် မက်ဆီကပဲ Ballon d’Or ဆုရှင်ဖြစ်ဖို့ ရေပန်းစားနေရပါတယ်။

norway coach Solbakken

Photo Credit : DNAberita

ဒီဆုနဲ့ ပတ်သက်ပြီးတော့လည်း နော်ဝေနည်းပြ ဆိုလ်ဘက်ကန်က ““ဖြစ်နိုင်ခြေအရှိဆုံးက မက်ဆီ အမ်ဘာပေ နဲ့ ဟာလန်းတို့ပါပဲ။ သူတို့ထဲက တစ်ယောက်က ဒီဆုကို ရမှာပါ။ ဘာလွန်းဒေါဆုကို ဘယ်သူရနိုင်မလဲ ကျွန်တော့်ကို မေးလာခဲ့ရင်တော့ ကျွန်တော်ကတော့ မက်ဆီလို့ပဲ ရွေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားလို့ပါ။ ဒါက အမြဲတမ်း သက်ရောက်မှု ရှိနေပါတယ်” ပြောဆိုသွားခဲ့ပါတယ်။

Featured Photo : Goal