စိတ်ညစ်စရာတွေ စိတ်ဖိစီးစရာတွေ ပြည့်နှက်နေတဲ့အခါ ထိုစိတ်ဖိစီးစရာတွေကို အကြာကြီး သိမ်းမထားသင့်ပါဘူး။ မြန်မြန်ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။ ဘဝအမောတွေ စိတ်ညစ်စရာတွေကို ဖြေဖျောက်ချင်တယ်ဆိုရင်တော့ ဟာသ ဇာတ် ကား တွေက အမြန်ဆုံးနဲ့ ထိရောက်မှု အရှိဆုံးပါပဲ။ ကွီးတို့ရဲ့ ဘဝအမောတွေ ပြေပျောက်ဖို့အတွက် ဘယ်လို ဟာသ ဇာတ် ကား ကောင်းတွေကို ကြည့်သင့်သလဲဆိုတာ သိပါသလား။ အခုဖော်ပြပေးမယ့် ဇာတ်ကားတွေကတော့ တဝါးဝါး တဟားဟားနဲ့ ဝါးလုံးကွဲရယ်ရမယ့် ဟာသကားတွေပဲဖြစ်ပါတယ်။

(၁) The Wonderful Story of Henry Sugar

မကြာသေးမီကမှ အသစ်ထွက်ထားတဲ့ ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။ Netflix မှာ ကြည့်ရှုလို့ ရနေပြီဖြစ်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Benedict Cumberbatch က Henry Sugar အဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အကြောင်းအရာက စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ Henry Sugar ဆိုသူသည် ချမ်းသာကြွယ်ဝတဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပါတယ်။ သူသည် မျက်စိ ဖွင့်မကြည့်ဘဲနဲ့ မြင်ရနိုင်တဲ့ ဂုရုကြီးတစ်ယောက်ဆီမှာ ထိုပညာကို ဆည်းပူးချင်ပြီး ထိုပညာနဲ့ လောင်းကစား ဆော့ကစားရင်း အနိုင်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ Benedict Cumberbatch ရဲ့ စတိုင်လ်အတိုင်း ရုပ်တည်ကြီးနဲ့ ဟာသလုပ်တတ်တာကို ကြိုက်နှစ်သက်သူများ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ထွေလာ အမြည်းလေးကို ခံစားကြည့်လိုက်ပါဦး။

Source: Netflix

(၂) The Out-Laws

Owen Browning ဆိုသူကတော့ ဘဏ်မန်နေဂျာတစ်ဦးဖြစ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းကာ ဟာသဥာဏ်ရွှင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူသည် သူ့ရဲ့ ချစ်သူ Parker နဲ့ လက်ထပ်ဖို့ အတွက် Parker မိဘနဲ့ သူ့ရဲ့ မိဘ၊ နှစ်ဖက်မိဘ တွေ့ဆုံဖို့အတွက် ပြင်ဆင်ရပါတယ်။ သူ့ရဲ့ ယောက္ခမလောင်းတွေ သူတို့မြို့ထဲ ရောက်လာချိန်မှာတော့ ခပ်လန်းလန်း၊ ခပ်ဟော့ဟော့ အဘိုးကြီး အဘွားကြီးကို မြင်တွေ့လိုက်ရတော့ သူ့မျက်စိတောင် မယုံနိုင်ဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ သူ လက်ထပ်မယ့် အပတ်မှာ သူ့ရဲ့ ဘဏ်ကို ဓားမြ နှစ်ယောက်က ဓားမြ ဝင်တိုက်ပါတော့တယ်။ သူက ထိုဓားမြနှစ်ယောက်ကို သူ့ချစ်သူရဲ့ မိဘတွေဖြစ်တယ်လို့ စွပ်စွဲပါတော့တယ်။ သူ့ရဲ့ ထင်မြင်ချက်က မှန်သမားဆိုတာကို သိချင်ရင်တော့ The Out-Laws ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ရှုရင်း အဖြေထုတ်ကြည့်လိုက်ပါ။

Source: Netflix

(၃) Haunted Mansion

ဟာသဇာတ်ကား လက်မလွတ်ချင်သူတွေအတွက် နောက်ထပ် ဇာတ်ကားကောင်းတစ်ကားကတော့ Haunted Mansion ဇာတ်ကားပဲဖြစ်ပါတယ်။ အိမ်အိုကြီး တစ်လုံးက သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးလို့ အိမ်ပိုင်ရှင်က ထိုအိမ်ထဲက သရဲကို နှင်ထုတ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတယ်။ အပနှင်ဆရာမျိုးစုံကို အိမ်ကြီးထဲသို့ ဖိတ်ကြားကာ သရဲတစ္ဆေနှင်ဖို့ ကြိုးစားပါတော့တယ်။ ထိုကဲ့သို့ ကြိုးစားနေရင်းနဲ့ ဟာသဇာတ်ဝင်ခန်းများကို ထည့်ထားတာဖြစ်ပါတယ်။ နောက်ဆုံးမှာ အိမ်ထဲက သရဲရော ကျွတ်သွားပါ့မလား။

Source: Walt Disney Studios

(၄) Sinkhole

ဒီဇာတ်ကားကတော့ တိုက်ခန်းကြီး တစ်ခုလုံး မြေကြိးအောက် မီတာ ၅၀၀ လောက် ကျွံကျသွားရာကနေ ထိုတိုက်ခန်းထဲမှာ ပိတ်မိနေတဲ့သူတွေ ဘယ်လိုမျိုး လွတ်မြောက်ဖို့ ကြိုးစားကြသလဲဆိုတာကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အခက်အခဲများကြားထဲကနေ ဟာသ ဇာတ်ဝင်ခန်းလေးတွေကို ရိုက်ကူးထားတာဖြစ်တာကြောင့် ရင်တမမနဲ့ ကြည့်ရမှာဖြစ်သလို ဟာသဇာတ်ဝင်ခန်းများကြောင့်လည်း အူတက်အောင် ရယ်ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ ပိတ်မိနေသူများအားလုံး လွတ်မြောက်သွားပါ့မလား။

Source: VIFF

(၅) 6/45

တောင်ကိုရီးယားက စစ်သားလေးတစ်ယောက်က သူ့ရဲ့ အလုပ်အားရက်မှာ မြို့ပေါ်တက်ပြီး ထီတစ်စောင် ထိုးခဲ့ပါတယ်။ ပိတ်ရက်ကုန်သွားတော့ သူ တာဝန်ကျရာ နယ်ခြားစောင့်တပ်ဆီ ပြန်လာရင်း တာဝန်ထမ်းဆောင်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ထီလက်မှတ်က ထီဆုအကြီးကြီး ပေါက်သွားတာကို သိရတဲ့အခါ မျောက်အုန်းသီးရသလို ထီလက်မှတ် တစ်ကိုင်ကိုင်နဲ့ ပျော်မဆုံး ဖြစ်နေပါတယ်။ ဖြစ်ချင်တော့ လေအဝှေ့မှာ သူ့ရဲ့ ထီလက်မှတ်က မြောက်ကိုရီးယား နယ်မြေထဲသို့ ကျရောက်သွားပါတော့မယ်။ ဒီလိုနဲ့ သူ့ထီလက်မှတ် ပြန်ရဖို့အရေး ကြိုးစားရပါတော့တယ်။ ဖြစ်ချင်တော့ သူ့ရဲ့ ထီလက်မှတ်က တစ်ဖက်က မြောက်ကိုရီးယား စစ်သားလက်ထဲ ရောက်သွားပြီး နှစ်ယောက်သား အပေးအယူလုပ်ကြမယ်ဆိုပြီး ဖြစ်သွားပါတယ်။

မြောက်ကိုရီးယားကလည်း သူတို့စစ်သားတစ်ယောက်ကို တောင်ကိုရီးယားစစ်သားအဖြစ် အယောင်ဆောင်စေပြီး တောင်ကိုရီးယားစစ်သားတစ်ယောက်ကလည်း မြောက်ကိုရီးယားစစ်သားအဖြစ် အယောင်ဆောင်စေပါတယ်။ ထိုအချိန်မှာ တောင်ကိုရီးယား စစ်သားတစ်ယောက်က မြို့ပေါ်တက်ပြီး ထီဆုကို ငွေသားအဖြစ် ပြောင်းထုတ်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကား ကြည့်မယ်ဆိုရင် အူတက်အောင် ရယ်ရဖို့တော့ ပြင်ထားဖို့ လိုပါလိမ့်မယ်။

Source: Global Movie Trailers

ကွီးတို့ရော ဒီဇာတ်ကားတွေထဲက ဘယ်နှကားလောက်ကို ကြည့်ဖူးပါသလဲ။