မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ရော်နယ်လ်ဒိုဟာ ပဥ္စမမြောက် ဟိုတယ် ကို အာဖရိကတိုက် မော်ရိုကိုနိုင်ငံမှာ ဖွင့်လှစ်ပြီး ကစားသမားဘဝအလွန် အနာဂတ်အတွက် နောက်ထပ်မှတ်တိုင်တစ်ခု စိုက်ထူလိုက်ပြီဖြစ်ပါတယ်။

Portuguese Legend Cristiano Ronaldo

Photo: The Sun

ခရစ္စတီယာနို ရော်နယ်လ်ဒို ၎င်းရဲ့ မွေးရပ်ဇာတိ မဒေရာကျွန်း၊ နယူးယောက်၊ မက်ဒရစ်၊ လစ္စဘွန်းတို့မှာ ခမ်းနားတဲ့ ဟိုတယ်တွေ ဖွင့်လှစ်လုပ်ကိုင်နေခဲ့ပြီး ဖြစ်ပြီး ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ လက်ရှိမှာတော့ မော်ရိုကိုနိုင်ငံ မြို့တော် မာရာကက်ချ်မှာ Pestana CR7 Lifestyle လို့ အမည်ရတဲ့ ပဥ္စမမြောက်ဟိုတယ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ အဆင့်မြင့်ဇိမ်ခံဟိုတယ်မှာ အခန်းပေါင်း ၁၇၄ ခန်း၊ spa၊ စီးပွားရေးစင်တာ၊ ရေကူးကန်နဲ့ အားကစားရုံတို့ ပါဝင်ပြီး အခန်းတစ်ခန်းကို တစ်ည မြန်မာငွေ ၄ သိန်းကနေ ၉ သိန်းအထိ ကျသင့်မှာဖြစ်ပါတယ်။

Roof top pool

Photo: The Sun

ဟိုတယ်ခေါင်မိုးပေါ်က ရေကူးကန်ကနေတဆင့် Atlas တောင်ရှုခင်းတွေကို အတိုင်းအဆမဲ့ ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး အစားအသောက်ကအစ ဂရုတစိုက်စားသောက်တတ်သူလို့ နာမည်ကြီးတဲ့ ရော်နယ်လ်ဒိုအတိုင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဧည့်သည်တွေအနေနဲ့ မြည်းစမ်းနိုင်မှာဖြစ်ပါတယ်။ ဧည့်သည်တွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင် အာရုံစိုက် စီစဉ်ထားတဲ့ အစားအစာ၊ သောက်စရာတွေကို ရေကူးကန်က စားသောက်ဖွယ်စာရင်းထဲမှာ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

Spa

Photo: The Sun

“ကျွန်တော် Pestana အုပ်စုနဲ့ ၂၀၁၆ ခုနှစ်မှာ ပထမဆုံးဟိုတယ် ဖွင့်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က နိုင်ငံတကာ အမှတ်တံဆိပ်တစ်ခုကို ဖန်တီးဖို့ဖြစ်ခဲ့ပါတယ်။ မဒေရာက ပထမဆုံးမှတ်တိုင်အပြီးကတည်းက ကျွန်တော်တို့ မက်ဒရစ်နဲ့ နယူးယောက်အထိ ချဲ့ထွင်ခဲ့ပြီးဖြစ်ပါတယ်။ မရာကက်ချ်က ဒီဟိုတယ်ကို ဖွင့်လှစ်လိုက်တာက ကျွန်တော်တို့အတွက် ပဥ္စမမြောက်မြို့ကို ယူဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကိန်းဂဏန်းတွေထက် ပိုတာက ဒီဟိုတယ်တွေက ကျွန်တော် သွားဖို့ စိတ်အားထက်သန်တဲ့နိုင်ငံတွေနဲ့ ကျွန်တော် အမြဲတမ်း ကြိုဆိုခြင်းအခံရဆုံးလို့ ခံစားရစေတဲ့ နိုင်ငံတွေနဲ့ ချိတ်ဆက်မှုကို ကိုယ်စားပြုတာပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: The Sun