လိင်မှုကိစ္စက လူသားတိုင်းအတွက် သဘာဝတစ်ခုပါ။ ကျန်းမာသော အမျိုးသားတိုင်းအတွက် လိင်မှုကိစ္စကို စိတ်ဝင်စား တတ်ကြွတာ ပုံမှန်ပါပဲ။ သို့သော်လည်း တစ်ခါတစ်ရံမှာတော့ လိင်မှုကိစ္စ အပေါ် စိတ်ဝင်စားမှု လျော့နည်းတတ်ပါတယ်။ ဒီလို တစ်ခါတစ်ရံ စိတ်ဝင်စားမှု လျော့နည်းတာက သဘာဝကျပြီး ပုံမှန်ဖြစ်သော်လည်း ရေရှည်မှာ လိင်စိတ်နည်းပါးလာခြင်းကတော့ အကြောင်းအရင်း တချို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အချိန်အကြာကြီး ကာမဆန္ဒနည်းပါးလာရုံသာမက ဟိုလိုစိတ်လေး မဖြစ်တော့ဘူး ဆိုရင် သတိထားဖို့ လိုနေပါပြီ။ ဆက်လက်ပြီးတော့ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတို့အတွက် သတိထားမိစေဖို့ လိင်မှုကိစ္စမှာ စိတ်ဝင်စားမှု လျော့နည်းလာရခြင်း အကြောင်းအရင်းတွေကို ဝေမျှပေးချင်ပါတယ်။

Testosterone နည်းပါးခြင်း

ဟိုလိုစိတ်လေး မဖြစ်တော့ဘူး

Photo : News18

Testosterone ဆိုတာကတော့ အရေးကြီးတဲ့ အမျိုးသားဟော်မုန်း တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသားများမှာ များသောအားဖြင့် ထိုဟော်မုန်းကို လိင်အင်္ဂါက ထုတ်လုပ်ပါတယ်။ Testosterone က ကြွက်သားများနှင့် အရိုးထုထည်တည်ဆောက်ရန် လုပ်ဆောင်ပြီး သုတ်ပိုးထုတ်လုပ်မှုကိုလည်း လှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် Testosterone ပမာဏက လိင်ဆက်ဆံမှုမှာ အရေးပါပါတယ်။ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက် Testosterone ပမာဏ ကွဲပြားနိုင်သော်လည်း အရွယ်ရောက်ပြီးသူ အမျိုးသားများအတွက် Testosterone ပမာဏ 300 nanograms per deciliter (ng/dL) အောက်သို့ ကျသွားပါက Testosterone နည်းပါးခြင်းလို့ သတ်မှတ်နိုင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် Testosterone ပမာဏ လျော့ကျနိုင်ပါတယ်။ Testosterone ပမာဏ ကျဆင်းလာတဲ့အခါ လိင်ဆက်ဆံလိုစိတ်လည်း လျော့ကျလာပါတယ်။ ဒါကြောင့် အမျိုးသားတစ်ယောက်အတွက် ကျန်းမာပါလျက် ဟိုလိုစိတ်လေး မဖြစ်တော့ဘူး ဆိုရင် Testosterone ပမာဏ လျော့ကျခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဒါ့အပြင် Testosterone ပမာဏကို တိုးမြှင့်ရန်အတွက် ဖြည့်စွက်စာများကို သောက်သုံးနိုင်ပါတယ်။

Depression ခံစားနေရခြင်း

ဟိုလိုစိတ်လေး မဖြစ်တော့ဘူး

Photo :Bristish GQ

Depression လို့ခေါ်ကြတဲ့ စိတ်ကျခြင်းက ပြင်းထန်ရင် ပြင်းထန်သလောက် လူတစ်ဦးတစ်ယောက်ရဲ့ ဘဝနဲ့ အစိတ်အပိုင်းအားလုံးကို ပြောင်းလဲပစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေကို လူတိုင်းအနည်းနဲ့ အများကြုံ့တွေ့ရနိုင်ပါတယ်။ စိတ်ဓာတ်ကျနေသူတွေဟာ လိင်မှုအပါအဝင် တစ်ချိန်က ပျော်ရွှင်စရာကောင်းတဲ့ လှုပ်ရှားမှုတွေကို စိတ်ဝင်စားမှု လျော့နည်းခြင်း သို့မဟုတ် လုံးဝစိတ်မဝင်စားခြင်းတို့ကို ကြုံတွေ့လာရပါတယ်။

ဒါ့အပြင် Depression ကြောင့် သောက်နေရတဲ့ ဆေးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုကို လျော့ကျစေပါတယ်။ Depression ကြောင့် နောက်ဆက်တွဲ ပြဿနာများမှ ကာကွယ်နိုင်စေရန် Depression ကို တတ်နိုင်သမျှ လျော့ချဖို့ လိုပါတယ်။ Depression လျော့ကျစေဖို့ တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ခြင်း၊ ကျန်းမာအောင် နေထိုင်စားသောက်ခြင်း၊ အကောင်းမြင်စိတ် ထားရှိခြင်းတို့ကို ပြုလုပ်ပါ။ လိုအပ်ပါက ဆရာဝန်နဲ့ ပြသပါ။

အိပ်ရေးပျက်ခြင်း

Photo : RNZ

ယနေ့ခေတ်မှာ လူတော်တော်များများက အကြောင်းအမျိုးမျိုးကြောင့် ညဘက်မှာနောက်ကျမှ အိပ်လေ့ရှိပြီး အိပ်ရေးမဝတာမျိုး အမြဲဖြစ်လေ့ရှိပါတယ်။ အိပ်ရေးပျက်ခြင်း သို့မဟုတ် ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း မရှိတာက လိင်စိတ်ဆန္ဒလျော့နည်းခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ထို့အပြင် လေ့လာမှုတစ်ခုအရ အိပ်ရေးမဝခြင်းသည် အမျိုးသားတစ်ဦးရဲ့ Testosterone ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ မကြာသေးမီက ပြုလုပ်သော လေ့လာမှုတစ်ခုမှာ ငယ်ရွယ်ကျန်းမာတဲ့ အမျိုးသားများကို တစ်ညလျှင် ၅ နာရီခန့်သာ အိပ်ချိန်ကန့်သတ်ပြီး တစ်ပတ်တာ စမ်းသပ်မှုကို ပြုလုပ်ခဲ့ရာ Testosterone ပမာဏသည် ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လိင်မှုကိစ္စအတွက်သာမက အလုံးစုံ ကျန်းမာရေးအတွက် လူတစ်ယောက်ဟာ ကောင်းမွန်လုံလောက်သော အိပ်စက် အနားယူခြင်းကို လိုအပ်ပါတယ်။

မိတ်‌ဆွေတို့အနေနဲ့ ကာမဆန္ဒလျော့နည်းတာ ရေရှည်ဖြစ်လာပြီဆိုလျှင် အပေါ်မှာဖော်ပြခဲ့တဲ့ အချက်များအပြင် ကျန်းမာရေးဆိုင်ရာ ပြဿနာအချို့လည်း ဖြစ်နိုင်တာကြောင့် မပေါ့ဆပဲ သတိထားဖို့ လိုအပ်ပါတယ်။

Source : Healthline

Featured Photo : My Blog