ဖက်ရှင်တွေက တစ်နှစ်ပြီး တစ်နှစ် အသစ် အသစ်တွေ ပြောင်းသွားတယ်ဆိုတာတော့ ငြင်းမရပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်က ခေတ်စားခဲ့တဲ့ ဖက်ရှင်တွေက အခုခေတ်နဲ့ဆိုရင် လားလားမျှ မသက်ဆိုင်တော့တဲ့ ဖက်ရှင်တွေဖြစ်သွားပါပြီ။ ဒါပေမဲ့ ကွီးတို့က အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း ဘယ်သောအခါမှ ဟောင်း မသွားမယ့် ဖက်ရှင် တွေကို ဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာလိုက်ရုံပါပဲ။

အရမ်းကြီးလည်း မခက်တဲ့အတွက်ကြောင့် ကွီးတို့ လိုက်လုပ်ရတာလည်း အခက်အခဲ မရှိနိုင်ပါဘူး။

(၁) အခြေခံအကျဆုံးတွေကို အာရုံစိုက်ပါ

အခြေခံအကျဆုံးတွေကို အာရုံစိုက်ပါ

တီရှပ်နဲ့ ဂျင်းဘောင်းဘီတွေကတော့ အခြေခံအကျဆုံး ဖက်ရှင်လေးတွေပဲ ဖြစ်ပါတယ်။ ဒီလို အသေးအဖွဲလေးတွေကိုလည်း အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အဖြူနဲ့ အနက် ဖက်ရှင်ကလည်း အရိုးရှင်းဆုံးဖြစ်ပေမယ့် ကွီးတို့ ဖက်ရှင်ကို ရှယ် ကြည့်ကောင်းသွားစေဖို့ ကူညီပေးပါလိမ့်မယ်။ ရုံးသွား ရုံးတက် ဖက်ရှင်တွေကို ပြင်ဆင်တဲ့အခါမှာလည်း ရှုပ်ရှုပ် ယှက်ယှက်ကြီးတွေကို အာရုံအနောက်ခံပြီး စဥ်းစားနေစရာမလိုပါဘူး။ အရိုးရှင်းဆုံးလေးနဲ့ ကိုယ့်ဖက်ရှင်ကို ပေါ်လွင်အောင် ဖန်တီးယူနိုင်ပါတယ်။

(၂) ကိုယ့် ခန္ဓာကိုယ် အချိုးအဆနဲ့ တိုင်းချုပ်ထားတာတွေကို ဦးစားပေးပါ

ခန္ဓာကိုယ် အချိုးအဆ

ရယ်ဒီမိတ် အဝတ်အစားတွေ ဝယ်ဝတ်တာထက် ကိုယ့် ခန္ဓာကိုယ် အချိုးအစားနဲ့ သေချာ တိုင်းချုပ်ထားတာက ကွီးတို့ ဖက်ရှင်ကို ပိုမို ကြည့်ကောင်းစေပါတယ်။ ကိုယ့်ဘာသာ ချုပ်ဝတ်တဲ့အခါမှာလည်း တကယ်တော်ပြီး ချုပ်တတ်တဲ့ ဒီဇိုင်နာတွေထံ အပ်တာက အကောင်းဆုံးပါပဲ။ ဒီလိုမျိုး ဖက်ရှင်တွေက ဘယ်အချိန်ဝတ်ဝတ် ဟောင်း မသွားမယ့် ဖက်ရှင် တွေပဲဖြစ်ပါတယ်။

(၃) ကိုယ် မကြိုက်တာတွေကို မဝယ်ပါနဲ့

ဟောင်း ဖက်ရှင်

နာမည်ကြီးရင် ပြီးရော၊ ဘရန်းဒတ် တံဆိပ် ဖြစ်ရင် ပြီးရောဆိုပြီး မဝယ်လိုက်ပါနဲ့။ ဈေးချထားတယ်ဆိုပြီး ဝမ်းသာအားရနဲ့ ဝယ်တာမျိုးတွေလည်း မလုပ်ရပါဘူး။ ထိုအဝတ်အစားက ဘယ်လောက်ပဲ ဈေးကြီး ပေးဝယ်ရပါစေ၊ ဘယ်လောက်ပဲ လျော့ဈေးချထားပါစေ ကွီးတို့ မကြိုက်ဘူးဆိုရင် အဝတ်ဘီဒိုထဲမှာ အဝတ်တစ်စုံ ပိုနေတာပဲ အဖတ်တင်ပါလိမ့်မယ်။

(၄) ထပ်တလဲလဲ ဝတ်ဆင်ဖို့ကိုလည်း မရှက်ပါနဲ့

ဟောင်း ဖက်ရှင်

ဒီအဝတ်အစားက အရင်တစ်ခေါက်က ဝတ်ပြီးသားကြီးဆိုပြီး ထပ်မဝတ်ချင်တော့တာမျိုး ဖြစ်နေပါသလား။ ကွီးတို့က အဝတ်အစားတွေ စပွန်ဆာ ရထားတဲ့ မင်းသားတစ်လက်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာကျော် သူဌေးကြီးတွေတောင်မှ အဝတ်အစား ရွေးရတာတွေကို ခေါင်းရှုပ် မခံချင်လို့ ဖက်ရှင်တစ်မျိုးတည်းကိုပဲ ထပ်တလဲလဲ ဝတ်ဆင်တာမျိုးကို တွေ့ရပါလိမ့်မယ်။​ ဥပမာ ပြောရမယ်ဆိုရင် မာ့ခ်ဇူကာဘတ်၊ စတိဗ်ဂျော့ တို့ကိုပဲ သာဓက ပြချင်ပါတယ်။ စတိဗ်ဂျော့ဆိုရင် အမြဲတမ်း အင်္ကျီ အနက်ရောင်နဲ့ ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်လေ့ရှိပါတယ်။ ဒါ့ကြောင့် ကွီးတို့လည်း ကိုယ့်ရဲ့ အဝတ်အစား ဒီဇိုင်းတွေကို ထပ်သွားမှာကို စိတ်ပူနေစရာ မလိုပါဘူး။

(၅) အရောင်အတွဲ အစပ်ကလည်း စကားပြောပါတယ်

ဟောင်း ဖက်ရှင်

ဘယ်တော့မှ ဟောင်း မသွားမယ့် ဖက်ရှင် ကို ကွီးတို့ ကိုယ်တိုင် ဖန်တီးချင်တယ်ဆိုရင်တော့ အရောင် အတွဲ အစပ်ကို သေချာ ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ဖို့ လိုအပ်ပါတယ်။ ဆန့်ကျင်ဘက် အရောင်တွေကိုလည်း သေချာ တွဲစပ်တတ်မယ်ဆိုရင် ကွီးတို့ ဖက်ရှင်က အများကြားမှာ ပေါ်လွင်ပြီး ဆွဲဆောင်မှု ရှိနေမှာပါ။ တကယ်လို့ ကွီးတို့က ဆန့်ကျင်ဘက် အရောင်တွေကို သေချာ မတွဲစပ်တတ်ဘူးဆိုရင်တော့ သဘာဝ ဆန်ဆန် အရောင်တွေကို တွဲဝတ်တာက စိတ်အချရဆုံးပါပဲ။

ကွီးတို့ရော ကိုယ့်ရဲ့ ဖက်ရှင်ကို အမြဲတမ်း ခေတ်မီနေအောင် ဘယ်လိုမျိုး ကြိုးစားလေ့ရှိပါသလဲ။

Source: Stylegirlfriend

Featured Image: Stylegirlfriend