ဟောလိုးဝင်း ပါတီကို ကျင်းပနိုင်မယ့်အချိန်အခါလေး ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ ဟောလိုးဝင်း ပါတီ ကျင်းပတဲ့အခါ ဟောလိုးဝင်း ကော့တေး များကိုလည်း မေ့ထားလို့မရပါဘူး။ ဟောလိုးဝင်း ကော့တေး များသည် သာမန် ကော့တေး ပြင်ဆင်ပုံများနှင့် မတူဘဲ ကြောက်စရာကောင်းအောင်၊ အနည်းငယ် အော်ဂလီဆန်အောင် ပြင်ဆင်ရမှာပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ဟောလိုးဝင်း ပါတီ အတွက် အမိုက်စား ကော့တေး များကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Recipes များကို အသုံးပြုနိုင်ပါတယ်။

ချောကလက်ခရင်မ် ကော့တေး

ချောကလက်ခရင်မ် ကော့တေး

ဒီကော့တေးဖျော်စပ်ဖို့အတွက် အရင်ဦးဆုံး Oreos ကွတ်ကီး ၆ ခုလောက်ကို အမှုန့်များဖြစ်အောင် ပြုလုပ်ပါ။ ထို့နောက် ချောကလက် ဆော့အနည်းငယ်၊ လိမ္မော်ရေခဲမုန့် ၄ ခွက်ခန့်၊ နွားနို့ ဖန်ခွက် တစ်ခွက်၊ ဗနီလာ ဗော့ကာ စားပွဲတင်ဇွန်း ၁၂ ဇွန်း၊ အလှဆင်ဖို့ရန်အတွက် ခရင်မ်နှင့် ချောကလက်အစေ့အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

အရင်ဦးဆုံး ဖန်ခွက်နှုတ်ခမ်းဝကို ချောကလက်ဆော့များဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် Oreos ကွတ်ကီးအမှုန့်များဖြင့် ကပ်ထားလိုက်ပါ။ ကျန်ရှိနေတဲ့ ချောကလက်ဆော့များကို ဖန်ခွက်နံရံအနှံ့ ကပ်နေအာင် လောင်းထည့်လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ သစ်သီးဖျော်စက်ထဲသို့ လိမ္မော်ရေခဲမုန့်၊ နွားနို့၊ ဗော့ကာတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ အရောအနှောကို ဖန်ခွက်ထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် ခရင်မ်များကို အပေါ်ကနေ လောင်းထည့်လိုက်ပါ။ ချောကလက်အမှုန်များဖြင့် အပေါ်ကနေ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အမိုက်စား ရေခဲမုန့် ဗော့ကာ ကော့တေးတစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

အဆိပ်ပန်းသီး ကော့တေး

ဟောလိုးဝင်း ကော့တေး

လိုအပ်မယ့် ပါဝင်ပစ္စည်းများကတော့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၅ ဇွန်း၊ Cranberry ဖျော်ရည် စားပွဲတင်ဇွန်း ၅ ဇွန်း၊ Fireball ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ စားလို့ရသော ရွှေရောင် Glitter အမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ရေခဲတုံးတို့ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများအားလုံးကို ကော့တေးရှိတ်ခါထဲထည့်ကာ အဖုံးပိတ်ပြီးနောက် ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ဖန်ခွက်ထဲသို့ ရရှိလာတဲ့ဖျော်ရည်များအားလုံး လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ ဟောလိုးဝင်းပါတီနှင့် လိုက်ဖက်တဲ့ အဆိပ်ပန်းသီး ကော့တေးဖျော်ရည်တစ်ခွက် ရရှိသွားမှာပဲဖြစ်ပါတယ်။

Jekyll & Gin

ဟောလိုးဝင်း ကော့တေး

လိုအပ်မယ့်ပါဝင်ပစ္စည်းများကတော့ Gin စားပွဲတင်ဇွန်း ၃ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ Grenadine လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေခဲတုံး လက်တစ်ဆုပ်စာခန့်တို့ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများအားလုံးကို ကော့တေးရှိတ်ခါထဲ ထည့်ကာ အဖုံးပိတ်ပြီး ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ကော့တေးဖန်ခွက်ထဲ ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အမိုက်စား Gin ကော့တေး တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

မှော်နက် Margaritas ပြုလုပ်နည်း

ဟောလိုးဝင်း ကော့တေး

မှော်နက် Margaritas ကော့တေး ပြုလုပ်ဖို့ရန်အတွက် အနက်ရောင်သကြား စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရေခဲတုံး အနည်းငယ်၊ Silver တကီလာ စားပွဲတင်ဇွန်း ၈ ဇွန်း၊ Triple Sec စားပွဲတင်ဇွန်း ၄ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း၊ အနီရောင်၊ အပြာရောင်နှင့် အနက်ရောင် အစာ ဆိုးဆေး၊ အလှဆင်ဖို့ရန်အတွက် သံပုရာသီးကွင်းတို့ လိုအပ်ပါလိမ့်မယ်။

ဖန်ခွက်နှုတ်ခမ်းဝကို သံပုရာသီးစိပ်ဖြင့် သုတ်လိမ်းလိုက်ပါ။ ထို့နောက် သကြားဖြင့် သုတ်လိုက်ပါ။ ထို့နောက် ဖန်ခွက်ထဲသို့ ရေခဲတုံးထည့်ပါ။ တကီလာ၊ Triple Sec နှင့် သံပုရာရည်တို့ထည့်ပါ။ အစားဆိုးဆေး အနည်းငယ်ထည့်လိုက်ရုံဖြင့် ဖျော်ရည်က အရောင်ပြောင်းသွားမှာပဲဖြစ်ပါတယ်။ နောက်ဆုံးကျမှ သံပုရာသီးကွင်းကို အပေါ်ကနေ ထည့်လိုက်ပါ။ ဒါဆိုရင်တော့ မှော်နက် Margaritas တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Delish

Featured Image: Gin-mag