မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဟွိုက်လန်းရဲ့ အသင်းဖော်ဟောင်း အတ္တလန်တာကြယ်ပွင့် ကွင်းလယ်ကစားသမား တွန်း ကူမိုင်းနားစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ ဒီနွေရာသီမှာ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူ ကတ်စမဲရိုး နေရာမှာ အစားထိုးဖို့ ကွင်းလယ် ကစားသမားအသစ် ရှာဖွေနေတာပါ။

 Teun Koopmeiners

Photo : X.com

နယ်သာလန် ကွင်းလယ်လူ တွန်း ကူမိုင်းနားစ် ကတော့ အခုနွေရာသီမှာ စီးရီးအေကလပ်အသင်းကနေ ထွက်ခွာလိုကြောင်း အသင်းထံကိုအသိပေးထားပြီး ဖြစ်ပါတယ်။ ” ဒီနွေရာသီမှာ ကျွန်တော်အသင်းကနေ ထွက်ခွာချင်တယ်လို့ အသင်းတာဝန်ရှိသူတွေကို ပြေထားပါတယ်။ ပြီးခဲ့တဲ့ရာသီက နာပိုလီအသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ကလပ်အသင်းနှစ်ခုကြား သဘောတူညီမှု မရရှိခဲ့ပါဘူး။ ဒီနှစ်တော့ ကျွန်တော့်အတွက် ရွေးချယ်စရာတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ်။ အခုလက်ရှိ ကျွန်တော့်ချစ်သူနဲ့ ကျွန်တော် အီတလီမှာ ပျော်နေပါတယ်။ ဒါပေမယ့် ကျွန်တော် အင်္ဂလန်မှာရှိတဲ့ ကလပ်အသင်းတချို့မှာ ကစားချင်ပါသေးတယ် ”

” အခုလက်ရှိ ကျွန်တော့်ကို ဂျူဗင်တပ်စ်နဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားနေတဲ့ သတင်းတွေ မရှိဘူးပြောရင် ကျွန်တော်လိမ်ရာကျမှာပါ။ ကျွန်တော်သတင်းတွေလည်း ဖတ်ဖြစ်ပါတယ်။ ကျွန်တော် အတ္တလန်တာမှာ အံ့သြစရာကောင်းတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အပြောင်းအရွှေ့ကနေ သူတို့ ငွေကြေးအမြောက်အများ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

Teun Koopmeiners

Photo : Stretty News

အီတလီအခြေစိုက် သတင်းတစ်ခုအရ အတ္တလန်တာအသင်းဟာ ကွင်းလယ်လူ တွန်း ကူမိုင်းနားစ် အတွက် ပြောင်းရွေ့ကြေး ပေါင် ၅၁ သန်း အလိုရှိနေတယ်လို့ သိရပါတယ်။ တွန်း ကူမိုင်းနားစ် ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ နယ်သာလန် ပြည်တွင်းကလပ် အေဇက်အသင်းကနေ ပေါင် ၁၂ သန်းနဲ့ အတ္တလန်တာအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒီရာသီ အတ္တလန်တာအသင်းအတွက် ပွဲပေါင်း ၃၄ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

အတ္တလန်တာအသင်းကို စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသလို ယူရိုပါလိဂ်ကွာတားဖိုင်နယ်နဲ့ ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်တွေကိုလည်း တက်လှမ်းနိုင်ဖို့ အဓိကကူညီ ပေးထားပါတယ်။

Featured Photo : The Sun