လူတော်တော်များများက ဘဝမှာ ကြုံတွေ့ရနေတဲ့ ကိစ္စရပ်များအပေါ်မှာ အကောင်းထက် အဆိုးကိုသာ အာရုံစိုက်မိတတ်ကြပါတယ်။ ဒီလို သဘောတရားနဲ့ အတူပါပဲ။ အကောင်းမြင်စိတ် တစ်နည်းအားဖြင့် အပြုသဘောဆောင်သော အတွေးတွေထက် အပျက်သဘောဆောင်တဲ့ အတွေးတွေကို လူတွေက အရင်တွေးမိလေ့ ရှိပါတယ်။ ကိုယ်ကိုယ်တိုင်အတွက်ဖြစ်စေ ၊ ကိစ္စရပ်တော်တော်များများ အပေါ်မှာဖြစ်စေ အပျက်သဘောဆောင်တဲ့ မကောင်းမြင်စိတ်တွေက ကိုယ့်ရဲ့ စိတ်ထဲမှာ စိုးမိုးနေတာမျိုး ရှိပါသလား။ ဒီလို အပျက်သဘောဆောင်တဲ့ အတွေးတွေက ကွီးတို့ဘဝအတွက် အကျိုးမရှိတဲ့ အပြင် စိတ်ဖိစီးမှုနဲ့ အခြားသော မကောင်းတဲ့ သက်‌ရောက်မှုများသာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ မကောင်းမြင်စိတ်တွေအစား အကောင်းမြင်စိတ် ကို အစားထိုး ပြုစုပျိုးထောင် ဖို့လိုပါတယ်။ ဒီဆောင်းပါးလေးမှာ အကောင်းမြင်စိတ်ကို ဘယ်လို ပျိုးထောင် ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။

အပျက်သဘောဆောင်တဲ့ အတွေးတွေကို ဖော်ထုတ်ပါ

အကောင်းမြင်စိတ်ကို ပျိုးထောင်

Photo : Youth Crisis Center

အရင်ဆုံး မိမိတို့စိတ်ကို စိုးမိုးနေတဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေက ဘာတွေလဲဆိုတော ဖော်ထုတ်ပါ။ ကွီးတို့အနေနဲ့ ကိစ္စတစ်ခုပေါ်မှာဖြစ်စေ ၊ အလုပ်တာဝန်တစ်ခုဖြစ်စေ ၊ အခွင့်အလမ်းတစ်ခုခုအပေါ်မှာဖြစ်စေ သို့မဟုတ် အမြဲတမ်းလိုလို ” ဒါကိုမလုပ်နိုင်ဘူး” ၊ “အောင်မြင်အောင် မလုပ်နိုင်ဘူးထင်တယ်” ၊ ” ငါကသူ့လိုမတော်ဘူး” စသည်ဖြင့် မိမိကိုယ့်ကို တွေးနေထင်နေမိ ပါသလား။ ဒီလိုအတွေးတွေဟာ အပျက်သဘောဆောင်တဲ့ အတွင်းစိတ်က အတွေးသက်သက်သာ ဖြစ်ကြောင်းဖော်ထုတ်ပါ။ ဒီလို အပျက်သဘောဆောင်တဲ့ အတွေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းနဲ့ ကိုယ့်ကိုယ်ကို လေးစားခြင်းကို ဆုတ်ယုတ်လျော့ပါးစေတယ်ဆိုတာ သိရှိပါစေ။ ဒါ့အပြင် မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို ဖိတ်ခေါ်ရာလည်း ရောက်သလို ပေါင်းသင်းဆက်ဆံရေးမှာလဲ Negative Vibe ရှိနေတဲ့သူကို ရေရှည်မှာ ပေါင်းသင်းချင်ကြမှာ မဟုတ်ပါဘူး။

အပြုသဘောဆောင်တဲ့ အတွေးတွေ များများတွေးပါ

အကောင်းမြင်စိတ်ကို ပျိုးထောင်

Photo : Schirn Mag

အကောင်းမြင်စိတ်ကို ပျိုးထောင် ဖို့အတွက် အရေးကြီးဆုံးကတော့ အပြုသဘောဆောင်တဲ့ အတွေးတွေ များများတွေးခြင်းပါပဲ။ လုပ်ရမှာကတော့ ကွီးတို့အနေနဲ့ တစ်နေ့တာအတွက် အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ စတင်လိုက်ရုံပါပဲ။ “ငါမလုပ်နိုင်ဘူး” ၊ “ငါမအောင်မြင်နိုင်ဘူး” စတဲ့ အပျက်သဘောဆောင်တဲ့ အတွေးတွေကို “ငါလည်း ကြိုးစားရင် ဖြစ်တာပဲ” ၊ “ငါလည်း အောင်မြင်အောင်လုပ်နိုင်တယ်” စတဲ့ အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ အစားထိုးပါ။ ကွီးတို့ရဲ့ ဦးနှောက်ထဲမှာ အပျက်သဘောဆောင်တဲ့ အတွေးတွေထက် အပြုသဘောဆောင်တဲ့အတွေးတွေကို နေရာပိုပေးကြည့်ပါ။ အပြုသဘောဆောင်တဲ့ အတွေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်စေရန် အထောက်အကူ ပြုပါတယ်။ ကွီးတို့ကိုလည်း ပိုမိုပျော်ရွှင်လာစေပါတယ်။

ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိသူတွေနဲ့ ဝန်းရံပါ

positive thinking

Photo : Everyday Power

ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ အကျင့်တွေ ၊ စိတ်နေစိတ်ထားတွေက ကိုယ့်ရဲ့အပေါ်မှာလည်း လွှမ်းမိုးမှုရှိနိုင်ပြီး ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့က အကောင်းမြင်စိတ်ကို ပျိုးထောင်ချင်ရင် ကွီးတို့ ပတ်ဝန်းကျင်မှာ အပြုသ‌ဘောဆောင်တဲ့ သူတွေနဲ့ ဝန်းရံပါ။ ကွီးတို့ဘဝအတွက် အထောက်အကူဖြစ်စေသော အကြံဉာဏ်နှင့် အကြံပြုချက်များကိုပေးနိုင်သော အပြုသဘောဆောင်တဲ့သူများကို ချဉ်းကပ်ပါ။ အဆိုးမြင်သူများနဲ့ နီးနီးကပ်ကပ်နေခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီးမှုများကိုသာ တိုးလာစေပါလိမ့်မယ်။

ကျန်းမာသောလူနေမှုပုံစံကို လိုက်နာပါ

positive thinking

Photo : The Telegraph

တစ်ပတ်မှာ ၃ ရက်မှ ၄ ရက်ခန့် မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာက စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ကွီးတို့ရဲ့ စိတ်နှင့် ခန္ဓာကိုယ်ကို အားဖြည့်ရန် ကျန်းမာသော အစားအစာကို စားသုံပါ။ လုံလောက်အောင် အိပ်ပါ။ စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံး လျော့ချပါ။ ကျန်းမာသော လူနေမှုပုံစံက ကွီးတို့ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အကောင်းမြင်စိတ်ကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အကောင်းမြင်စိတ်ကို ပျိုးထောင်နိုင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ အကောင်းမြင်စိတ် သို့မဟုတ် အပြုသဘောဆောင်သော စိတ်ရှိသူတွေဟာ ဘဝမှာ ပိုမိုပျော်ရွှင်တတ်ကြပြီး မိမိဘဝတိုးတက်ရေးကိုလည်း ပိုပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

Featured Photo : Rehab Blog