သီချင်းတစ်ပုဒ် သီကုံးရေးစပ်ခြင်းအနုပညာဟာ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ သိမ့်မွေ့ နူးညံ့တဲ့ နှလုံးသားကို အရင်းတည် ဖန်တီးမှုစွမ်းအားနဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုတို့ ပေါင်းစပ်ပြီးမှ ဖြစ်ပေါ်လာတဲ့ တေးသွားတစ်ပုဒ်ကို သီချင်းလို့ အဓိပ္ပါယ်ဖွင့် ဆိုပါတယ်။ သီချင်းတစ်ပုဒ်ရဲ့ အရည်အသွေးဟာ နောက်ကွယ်က ဖန်တီးသူ တေးရေးဆရာရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှု ပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ များသောအားဖြင့် နာမည်ကြီး တေးရေးဆရာတွေဟာ လေ့လာမှုအားကောင်းပြီး ခံစားတက်တဲ့ နှလုံးသားတစ်စုံ ပိုင်ဆိုင်ထားကြသလို သွေးကြောတစ်လျောက် အနုပညာသွေးရည်တွေ စီးဆင်းနေကြသူတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သီချင်းတစ်ပုဒ်ကို ဦးနှောက်ကတွေး နှလုံးသားနဲ့ ခံစားရေးစပ်ကြသူတွေ ဖြစ်ပါတယ်။ ဂီတနယ်ပယ် ထဲမှာ ဒီလိုကျွမ်းကျင်ပြီး ထူးချွန်တဲ့ တေးရေးဆရာတွေ များစွာရှိပါတယ်။ ဒီထဲကမှ ထာဝရ အကောင်းဆုံးနဲ့ အကျော်ကြားဆုံး တေးရေးဆရာ ၃ ဦး အကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) Bob Dylan

Source : Bob Dylan

အမေရိကန်အဆိုတော်နဲ့ တေးရေးဆရာ Bob Dylan ( နာမည်အရင်း Robert Dylan / Robert Allen Zimmerman ) ကို ၁၉၄၁ ခုနှစ် မေလ ၂၄ ရက်နေ့မှာ မွေးခဲ့ပါတယ်။ ဂီတနယ်ပယ်မှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြတ်သန်းခဲ့ပြီး ထာဝရအကြီးကျယ်ဆုံး တေးရေးဆရာတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ Bob Dylan ရဲ့ သီချင်းအများစုဟာ နိုင်ငံရေး၊ စာပေလွှမ်းမိုးမှု ၊ အတွေးအခေါ်ဆိုင်ရာနဲ့ လူမှု့ဘဝအကြောင်းတွေအပေါ် အခြေခံပြီး သီကုံးရေးစပ်လေ့ ရှိပါတယ်။ Blowin’ In The Wind ၊ Like A Rolling Stone ၊ End of The Line ၊ Handle with Care စတဲ့ သီချင်းတွေကတော့ Bob Dylan ဖန်တီးခဲ့တဲ့ လက်ရာတွေထဲက အကျော်ကြားဆုံး သီချင်းတွေဖြစ်ပြီး ဂီတသမိုင်း ကြောင်းတစ်လျောက် ထာဝရအကောင်းဆုံး တေးရေးဆရာ တစ်ဦးပဲဖြစ်ပါတယ်။

(၂) Paul McCartney

Source : The Beatles

Sir James Paul McCartney ဟာ ကျော်ကြားတဲ့ အင်္ဂလိပ်အဆိုတော်၊ တေးရေးဆရာနဲ့ ဂီတပညာရှင်တစ်ဦး ဖြစ်ပါတယ်။ Paul ကို Beatles အဖွဲ့ရဲ့ တွဲဖက်အဆိုရှင်၊ တွဲဖက်တေးရေးဆရာနဲ့ ဘေ့စ်ဂစ်တာသမားအဖြစ် ကမ္ဘာတစ်ဝှမ်း လူသိများပါတယ်။ ၁၉၆၀ ခုနှစ် ကာလတွေမှာ အအောင်မြင်ဆုံး တေးရေးဆရာတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့ စွယ်စုံရဘေ့စ်ဂစ်တာ တီးခတ်ဟန်နဲ့အတူ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။ ဂီတအမျိုးအစားအစုံ လေ့လာမှုအားကောင်းသူတစ်ယောက်ဖြစ်ပြီး John Lennon နဲ့ အတူတွဲ ရေးစပ်ဖန်တီးခဲ့တဲ့ သီချင်းတွေဟာ ဂီတသမိုင်းမှာအကောင်းဆုံး သီချင်းတွေအဖြစ် ဒီနေ့အထိတိုင် လူကြိုက်များနေဆဲပဲ ဖြစ်ပါတယ်။ Here Comes the Sun ၊ Let It Be ၊ Hey Jude ၊ Don’t Let Me Down နဲ့ Come Together စတဲ့ သီချင်းတွေကတော့ Paul McCartney ရဲ့ နာမည်အကြီးဆုံးနဲ့ အအောင်မြင်ဆုံး သီချင်းတွေပဲ ဖြစ်ပါတယ်။

(၃) John Lennon

 

 

Source : John Lennon

John Lennon (နာမည်အရင်း John Winston Ono Lennon) ဟာ အောင်မြင်ကျော်ကြားတဲ့ အင်္ဂလိပ်အဆိုတော် ၊ တေးရေးဆရာ ၊ ဂီတပညာရှင်နဲ့ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ Beatles အဖွဲ့ရဲ့ တည်ထောင်သူ တစ်ယောက်ဖြစ်သလို အဖွဲ့ရဲ့ တွဲဖက်အဆို ၊ အရေး ၊ အတီးသမားတစ်ဦးအဖြစ်လည်း လူသိများပါတယ်။ Lennon ဟာ ဂီတ ၊ စာပေ ၊ ရုပ်ရှင်နဲ့ ပန်းချီ အနုပညာရပ်တွေမှာ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ Paul McCartney နဲ့အတူတွဲ ဖန်တီးရေးစပ်မှုဟာ ဂီတသမိုင်းတစ်လျောက် အအောင်မြင်ဆုံးအဖြစ် ဒီနေ့ထိတိုင် ထင်ကျန်ရစ်နေပါတယ်။ Imagine ၊ Here Comes the Sun ၊ Let It Be ၊ Hey Jude နဲ့ Don’t Let Me Down စတဲ့သီချင်းတွေကတော့ John Lennon ရဲ့ အကျော်ကြား ဖန်တီးမှုလက်ရာတွေဖြစ်ပြီး ခေတ်အဆက်ဆက် အကောင်းဆုံး တေးရေးဆရာတွေထဲကတစ်ဦးပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ နောက်မှာတော့ You Never Can Tell သီချင်းနဲ့ နာမည်ကြီးတဲ့ Chuck Berry ၊ The Tracks of My Tears သီချင်းကို ဖန်တီးခဲ့တဲ့ Smokey Robinson ၊ Rolling Stones ရဲ့ ဝိုင်းတော်သားတွေဖြစ်တဲ့ Mick Jagger နဲ့ Keith Richards ၊ Paul Simon ၊ Joni Mitchell နဲ့ Bob Marley တို့ရှိနေပြီး ထာဝရအကောင်းဆုံးနဲ့ အကျော်ကြားဆုံး တေးရေးဆရာ တွေအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

Featured Photo : Forbes