မိမိရဲ့စိတ်ထဲမှာ အကြောက်တရားနှင့် နောင်တ များ ကိန်းအောင်းနေမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်များ ကျဆင်းလာမှာဖြစ်ပါတယ်။ မိမိစိတ်ထဲမှာရှိတဲ့ အကြောက် တရားနှင့် နောင်တ များကို ဖယ်ရှားနိုင်မှသာလျှင် ကွီးတို့ရဲ့စိတ်ထဲမှာ ရှေ့ဆက်လျှောက်ရမယ့် အနာဂတ်ခရီးလမ်းအတွက် မြင်ကွင်းရှင်းနေမှာဖြစ်ပါတယ်။

ကိုယ် လုပ်လိုက်လို့ တစ်စုံတစ်ရာ မှားယွင်းသွားမှာကို ကြောက်ရွံ့ခြင်း၊ အမှားတစ်စုံတစ်ရာ ပြုလုပ်မိတဲ့အတွက်ကြောင့် နောင်တ ရခြင်း အစရှိတဲ့ ခံစားချက်နှစ်မျိုး ရောထွေးသွားမယ်ဆိုရင် ကိုယ့်အတွက် ဘာကောင်းကျိုးမှ ဖြစ်ထွန်းလာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ထိုခံစားချက်နှစ်မျိုးကို မြန်မြန်အမြစ်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် ကိုယ့်ရဲ့ အကြောက် တရားနှင့် နောင်တ တရားတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲ။

လက်ရှိအချိန်ကိုပဲ အာရုံစိုက်ပါ

man and time

ကိုယ့်ရဲ့ အတိတ်က အကြောင်းအရာတွေကိုပဲ တစိမ့်စိမ့် ပြန်တွေးကာ နောင်တရမနေပါနဲ့။ အတိတ်ကာလတွေသည် ပြီးဆုံးသွားခဲ့ပါပြီ။ အနာဂတ်ဆိုတာသည်လည်း ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်သလို ဘယ်သူမှလည်း မပိုင်ဆိုင်ကြပါဘူး။ ဒါ့ကြောင့် အသေချာဆုံးဖြစ်တဲ့ ပစ္စုပ္ပန်အချိန်မှာသာ ရှင်သန်ပါ။ အနာဂတ်မှာ မဖြစ်လာတဲ့အရာတွေကို တွေးပူကာ အကြောက် တရား ဝင်မနေပါနဲ့၊ ဒါ့အပြင် အတိတ်က အမှားတွေအတွက်လည်း နောင်တ တရားများနှင့် မရှင်သန်ပါနဲ့။

ပန်းတိုင်တစ်ခုကို ပုံဖော်လိုက်ပါ

man meditating

Photo: Youngmenshealthsite

နောင်လာမယ့် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ဘယ်လိုအနေအထားမျိုး ရောက်ချင်သလဲဆိုတာကို ကိုယ့်ကိုယ်ကို ပုံဖော်ပါ။ ဒီလိုပုံဖော်ခြင်းကို တရားထိုင်နေတဲ့အချိန်မှာ ပြုလုပ်ခြင်းက အကောင်းဆုံးပါပဲ။ ထိုအချိန်တွင် စိတ်က ကြည်လင်နေပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေမယ်ဆိုရင် ပုံဖော်ရတာ ပိုမိုလွယ်ကူပါတယ်။ သင့်ရဲ့ ဖြစ်ချင်တဲ့အရာများကို အတွေးများဖြင့်သာ ပုံဖော်လိုက်ပါ။ လက်တွေ့မှာ ထိရောက်မှုရှိပါတယ်။

ဒါမှမဟုတ် ထိုအတွေးများကို Vision Board လို့ခေါ်တဲ့ မြင်သာတဲ့ နေရာတစ်ခုမှာ ချရေးပြီး ကပ်ထားလိုက်ပါ။ ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာများကို ထိုပန်းတိုင်များပေါ် အာရုံစိုက်ထားမယ်ဆိုရင်တော့ အလုပ်လုပ်ရတာလည်း ပိုမိုလွယ်ကူပြီး Productive ဖြစ်တဲ့ နေ့ရက်တစ်ရက်ကို ပို်င်ဆိုင်ရမှာပဲဖြစ်ပါတယ်။

တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါ

man thinking

ဆုံးဖြတ်ချက်တစ်ခုကို သေချာမချရဲဘဲ ချီတုံချတုံဖြစ်နေတယ်ဆိုရင်လည်း အဆင်ပြေမှာမဟုတ်ပါဘူး။ ကိုယ့်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ပုံဖော်ပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလည်း အကောင်းဆုံး ချမှတ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ရှေ့သို့ ဆက်လက်ချီတက်နိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ရိုးသားမှုရှိပါ

အကြောက် နောင်တ

လိမ်ညာမှုတွေထဲမှာ မိမိကိုယ်ကို လိမ်ညာခြင်းသည် အဆိုးရွားဆုံးပဲဖြစ်ပါတယ်။ သင်သည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပြီးနောက်မှာ ဘာကို ကြောက်ရွံ့နေသလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ မိမိစိတ်ထဲမှာ အကြောက်တရားတစ်ခုရှိရဲ့သားနဲ့ ဘာကိုမှ မကြောက်ပါဘူးဆိုပြီး လိမ်ညာနေမယ်ဆိုရင်တော့ ထိုအကြောက်တရားက သင့်ကို တဖြည်းဖြည်းနဲ့ ဝါးမျိုသွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အရာရာတိုင်းမှာ ကိုယ့်ကိုယ်ကို လိမ်ညာခြင်းမရှိဘဲ ရိုးသားရမှာဖြစ်ပါတယ်။

လိုအပ်ပါက အကူအညီရယူပါ

အကြောက် နောင်တ

မိမိထက် တတ်ကျွမ်းနားလည်သူများ၊ အတွေ့အကြုံ များပြားသူတွေသည် ကိုယ့်ရဲ့ ဘေးပတ်ဝန်းကျင်မှာ အများအပြားပဲရှိပါတယ်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဝေခွဲမရဖြစ်ကာ အဖြေရှာမရဘူးဆိုရင် ထိုကဲ့သို့ ကျွမ်းကျင်သူများထံမှ အကူအညီများ၊ အကြံဉာဏ်များ ရယူနိုင်ပါတယ်။ ဒါမှမဟုတ် သင့်လိုပဲ အခက်အခဲ ကြုံနေရသူများနှင့် အတူတူ လက်တွဲကာ လုပ်ဆောင်နိုင်ပါသေးတယ်။ အချင်းချင်း ဖေးမခြင်းအားဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

အတွေးများအားလုံးကို ချရေးထားလိုက်ပါ

အကြောက် နောင်တ

သင့်ရဲ့ စိတ်ထဲမှာ ဘယ်အရာတွေ ကိန်းအောင်းနေသလဲဆိုတာကို ကိုယ့်ကိုယ်ကို ပြန်မေးပါ။ စဉ်းစားရခက်နေတယ်ဆိုရင်တော့ အတွေးများအားလုံးကို မှတ်စုစာအုပ်ပေါ်မှာ ချရေးထားလိုက်ပါ။ ဒါဆိုရင်တော့ သင့်အတွက် စဉ်းစားရတာ ပိုမိုလွယ်ကူသွားပါလိမ့်မယ်။ ထိုအတွေးတွေကြောင့် ကြောက်ရွံ့နေတာလား။ အကြောက်တရားကို ကျော်လွန်နိုင်ဖို့အတွက်ရော ဘာက စလုပ်ရင်ကောင်းမလဲ။

အဓိကအရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို ဝေဖန်ခြင်း ပြစ်တင်ခြင်းမရှိဖို့ပါပဲ။ မိမိကိုယ်ကို ဝေဖန်ပြစ်တင်နေမယ်ဆိုရင်တော့ ဘယ်လိုမှ စိတ်ချမ်းသာရမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အားနည်းချက်တွေကိုပဲ မမြင်ပါနဲ့။ ကိုယ့်ရဲ့အားသာချက်တွေကိုပဲ အာရုံစိုက်ပါ။ ကိုယ့်ရဲ့ကောင်းကွက်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ချီးကျူးပြီး စောစောက ကြောက်ရွံ့နေရတဲ့ အတွေးများအားလုံးကို ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။

ယခုချက်ချင်း လုပ်ဆောင်လိုက်ပါ

အကြောက် နောင်တ

နောက်ထပ် ထိရောက်တဲ့နည်းလမ်းကတော့ ကိစ္စတစ်ခုကို လုပ်ဆောင်ရမှာ ကြောက်နေတယ်၊ ကိုယ့်ရဲ့အမှားကြောင့် နောင်တ ရမှာကို စိတ်ပူနေတယ်ဆိုရင် ရဲရဲကြီးသား လုပ်ချလိုက်ပါ။ လုပ်ရ ကောင်းမလား၊ မလုပ်ရ ကောင်းမလားဆိုပြီး တွန့်ဆုတ်ကာ ဝေခွဲမရဖြစ်နေရင် သင်ပဲ ပိုစိတ်ညစ်ရမှာဖြစ်ပါတယ်။ နောက်ဖြစ်လာတဲ့အရာကို နောက်မှရှင်းမယ်လို့သာ တွေးထားပါ။ လက်ရှိအချိန်မှာ ဘာလုပ်ရမလဲဆိုတာပဲ အာရုံစိုက်ကာ အချိန်မဆွဲဘဲ ချက်ချင်းသာ လုပ်ချလိုက်ပါ။

ဥပမာ – သင်သည် ရေကြောက်တတ်တယ်၊ ရေနစ်မှာ ကြောက်တယ်ဆိုရင် ဘာ့ကြောင့် ကြောက်ရသလဲဆိုတာကို ပြန်မေးခွန်းထုတ်ပါ။ ထို့နောက် ကျွမ်းကျင်ထရိန်နာတစ်ယောက် အကူအညီဖြင့် ရေကူးသင်တန်းကို တက်ရောက်ကာ မိမိရဲ့အကြောက်တရားကို ဖယ်ရှားလိုက်ပါ။ စစပိုင်းမှာတော့ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ သို့သော် ထိုအခက်အခဲကို ကျော်လွန်ပြီးသွားတဲ့နောက်မှာတော့ စောစောက ရေကြောက်တတ်တဲ့ သင့်ရဲ့အကြောက်တရားသည်လည်း (လုံးဝ) ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။ အချိန်ဆွဲခြင်းထက် ယခု ချက်ချင်း လုပ်ဆောင်လိုက်ခြင်းက ကိုယ့်ရဲ့ဘဝအတွက် များစွာ အကျိုးဖြစ်ထွန်းစေတယ်မဟုတ်လား။

Source: Successstory

Featured Image: Liveboldandbloom