အသင်းခေါင်းဆောင် လက်ပတ် ဖယ်ရှားခံလိုက်ရပြီး ပွဲကစားခွင့်တွေလည်း အမြောက်အများ ဆုံးရှုံးလာခဲ့ရတဲ့ နောက်ခံကစားသမား ဟယ်ရီ မက်ဂွိုင်းယားဟာ အခုတော့ မန်ချက်စတာ ယူနိုက်တက်အတွက် အရေးအပါဆုံး နောက်ခံလူတစ်ဦး ဖြစ်လာခဲ့တဲ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နိုဝင်ဘာလ တစ်လတာအတွက် အကောင်းဆုံး ကစားသမားဆု (Player of the Month)ကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

maguire

Photo Credit : The Athletic

လက်စတာကနေ မန်ယူအသင်းဆီကို ခံစစ်ကစားသမားတွေထဲ အမြင့်မားဆုံးသော ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောက်ရှိလာခဲ့သူ ၊ မန်ယူဆီ မရောက်ရှိခင်က မန်စီးတီးနည်းပြ ဂွာဒီယိုလာပါ သူ့အသင်းအတွက် ခေါ်ယူဖို့ စိတ်ဝင်စားခံခဲ့ရသူ မက်ဂွိုင်းယားဟာ သူရဲ့ ယူနိုက်တက် ကစားသမားဘဝ ခရီးလမ်းကတော့ ထင်ထားသလောက် ချောမွေ့မှုတွေ မရှိခဲ့ရပါဘူး။ အချိန်တိုလေးအတွင်းမှာပဲ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ရပေမယ့် သူရဲ့ ခံစစ်ကစားပုံ မတည်ငြိမ်မှုတွေ အမှားများလွန်းမှုတွေကနေ လူဝေဖန်ခံရစရာ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

red devil defender maguire

Photo Credit : Squawka

မန်ယူကို နည်းပြ အဲရစ် တန်ဟက်ဂ် ရောက်ရှိလာချိန်မှာတော့ မက်ဂွိုင်းယားက အသင်းမှာ ပွဲကစားခွင့်တွေပါ ပျောက်ဆုံးလာရသလို အသင်းရဲ့ Last Choice CB တစ်ဦးပါ ဖြစ်သွားခဲ့ပါတယ်။ အဆိုးဆုံးကတော့ သူရဲ့ အသင်းခေါင်းဆောင် ရာထူးကိုပါ ဖယ်ရှားပြီး ဘရူနို ဖာနန်ဒက်စ်ဆီ လွှဲပြောင်းပေးခဲ့တာက မက်ဂွိုင်းယားအတွက် အတော်လေး အထိနာစေခဲ့ပါတယ်။ ဒီလို အခြေအနေတွေမှာ ဝက်စ်ဟမ်းက မက်ဂွိုင်းယားကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့က မဖြစ်လာခဲ့ပဲ မန်ယူမှာသာ သောင်တင်ခဲ့ရပါတယ်။

maguire back

Photo Credit : Eurosport

ဒီလို အခြေအနေတွေကနေ အသင်းမှာ ခံစစ်ပိုင်းက ဒဏ်ရာရလာခဲ့ပြီးနောက်ပိုင်း ကစားသမား မရှိတော့လို့ ပြန်ကစားခွင့် ရလာချိန် မက်ဂွိုင်းယားက ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ မက်ဂွိုင်းယားက ယူနိုက်တက် ခံစစ်မှာ ပုံမှန်ကစားခွင့် တစ်နေရာကိုပါ ပြန်လည် သိမ်းပိုက်ထားပြီး ဗာရန်းကိုတောင် အရန်ခုံ ရောက်သွားအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဒီလို စွမ်းဆောင်မှုကြောင့်လည်း မက်ဂွိုင်းယားက နိုဝင်ဘာလရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးနိုင်ခဲ့ရပါတယ်။

Featured Photo : beIN SPORTS