မိတ်ဆွေတို့က အချိန်ကို ဘယ်လိုအသုံးချနေပါသလဲ။ အချိန်ကိုရော တန်ဖိုးထားပါသလား။ အချိန်နဲ့ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေကိုရော ကျင့်သုံးနေပါသလား။ ကျွန်တော်တို့ဟာ အချိန်ကို လူတိုင်းတန်းတူ ညီမျှစွာ တစ်နေ့တာအတွက် ၂၄ နာရီစီ ပိုင်ဆိုင်ကြပါတယ်။ သို့သော်လည်း အချိန်အပေါ် တန်ဖိုးထားမှု၊ အသုံးချမှုပေါ် မူတည်ပြီး ရလဒ်တွေ ဘဝအခြေအနေတွေက ကွဲပြားသွားပါတယ်။ အချိန်ကို အလေးမထားသူတွေက ၎င်းတို့ရဲ့ ပစ္စုပန်မှာရော အနာဂတ် မှာပါ တိုးတက်အောင်မြင်မှုတွေကို ရရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရှင်းရှင်းပြောရရင်တော့ အချိန်ကို တန်ဖိုးမထားသရွေ့ မိတ်ဆွေတို့ရဲ့ အနာဂတ်က သေချာရေရာမှု မရှိနိုင်ပါဘူး။
အချိန်ဖြုန်းနေမိရင် ဘာတွေ ဖြစ်လာမလဲ
Photo : Vista Create
ကိုယ့်ရဲ့ အချိန်ကို ကိုယ်တိုင် တန်ဖိုးမထားသရွေ့ ဘယ်သူကမှ မိတ်ဆွေတို့ရဲ့ အချိန်ကိုလေးစားပေးမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အချိန်ဖြုန်းခြင်း က အဓိပ္ပါယ်မဲ့ ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အချိန်ဆွဲနေခြင်းကြောင့် လုပ်ဆောင်ရမယ့် အရာများကို အချိန်မီမပြီးမြောက်နိုင်ခြင်း၊ သို့မဟုတ် သတ်မှတ်ရက်ပြည့်မီအောင် မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် စိုးရမ်ပူပန်မှုတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အချိန်ဆွဲပါများရင် ထိုအရာက အလေ့အထတစ်ခု ဖြစ်သွားပြီးပြင်ရန် ခက်ခဲနိုင်ပါတယ်။ အချိန်ဆွဲခြင်းက ရေရှည်မှာ မိတ်ဆွေတို့အတွက် ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ခံစားရနိုင်ပါတယ်။ အချိန်ကို တန်ဖိုးမထားသူတွေအတွက် ဘဝမှာ တိုးတက်အောင်မြင်ဖို့ဆိုတာလည်း အဝေးကြီးမှာပါ။
အချိန်နဲ့ ပတ်သတ်ပြီး အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပါ
Photo : Vista Create
အချိန်ကို အကျိုးရှိစွာ အသုံးချဖို့ဆိုရင် အရင်ဆုံး အချိန်နဲ့ ပတ်သတ်တဲ့ ကိုယ့်ရဲ့ အမူအကျင့်တွေကို ပြောင်းလဲရပါမယ်။ မိတ်ဆွေတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ အချိန်နဲ့ပတ်သတ်ပြီး လေးစားမှု ရှိတဲ့သူလား၊ အချိန်ဆွဲတတ်တဲ့သူလား၊ လုပ်စရာရှိတာများကို အချိန်မဆွဲပဲ လုပ်တတ်တဲ့သူလား ဒါမှမဟုတ် အချိန်ရှိသေးပါတယ်ဆိုပြီး မလုပ်ပဲ နောက်ဆုံးမှ လုပ်တတ်တဲ့သူလား ဆိုတာ ပြန်လည်သုံးသပ်ပါ။ အကယ်၍ မိတ်ဆွေတို့ကိုယ်တိုင် အချိန်နဲ့ပတ်သတ်ပြီး လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုရင် ပြုပြင်ပါ။ ဘယ်ကိစ္စမဆို အချိန်ကို တန်ဖိုးထား လေးစားတတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပါ။
အချိန်ကို တန်ဖိုးထားခြင်းက အနာဂတ်မှာ အောင်မြင်ဖို့ လမ်းစပါပဲ
Photo : Vista Create
မိတ်ဆွေတို့ရေ လက်ရှိမှာ အောင်မြင်နေသူ တော်တော်များများကို ကြည့်လိုက်ပါ။ အချိန်ကို တန်ဖိုးထားပြီး အကျိုးရှိရှိ အသုံးချတဲ့ သူတွေချည်းပါပဲ။ ၎င်းတို့မှာ အချိန်နဲ့ ပတ်သတ်ပြီး ကိုယ်တိုင် ကျင့်သုံးလိုက်နာနေတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ရှိပါတယ်။ ထိုသူတို့ ဒီနေ့မှာ အောင်မြင်မှုတွေ ဆွတ်ခူးရခြင်းရဲ့ အဓိက အကြောင်းအရင်းကလည်း အချိန်ကို တန်ဖိုးထားပြီး အကျိုးရှိစွာ အသုံးချခြင်းပဲ ဖြစ်ပါတယ်။ အချိန်ကို လေးလေးစားစားနဲ့ အကျိုးရှိစွာ အသုံးချခြင်းက ကွီးတို့ အနာဂတ်မှာ အောင်မြင်မှု ရရှိဖို့ ပထမဆုံးခြေလှမ်းပါပဲ။
လူတိုင်း တူညီစွာရတဲ့ အချိန်ကို တန်ဖိုးမထားသရွေ့ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့ အနာဂတ်အတွက် ဘက်ပေါင်းစုံကနေ တိုးတက်မှုတွေ၊ အခွင့်အလမ်းတွေကို လက်လွှတ်ဆုံးရှုံးရနိုင်ပါတယ်။ ဒါ့ကြောင့် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး မိမိရဲ့ အနာဂတ်ကို အကောင်းဆုံး တည်ဆောက်နိုင်စေဖို့ ဒီဆောင်းပါးလေးကနေ တိုက်တွန်းလိုက်ပါတယ်ဗျာ။
Featured Photo : Free Stock