ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နေတယ်ဆိုတာ ငြင်းဖွယ်မရှိပါဘူး။ ကျန်းမာအသက်ရှည်ဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေကို အလေးပေးစားဖို့ လိုပါတယ်။ ယနေ့ခေတ်မှာ အသင့်စားအစားတွေနဲ့ အချိုများတဲ့ အစားအစာတွေကို ကျွန်တော်တို့ စားသုံးမိနေပါတယ်။ ကွီးတို့နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေကို ပြန်စဉ်းစားကြည့်ပါ။ လက်ဖက်ရည်၊ ကော်ဖီနဲ့ ကိတ် စတာတွေအပြင် အချိုများတဲ့ အစားအစာတွေကို ဘယ်လောက်စားမိနေပါသလဲ။ ကိုယ်ကိုယ်တိုင် သတိမထားမိဘဲ အချိုအများကြီး စားမိနေပါသလား။ ဘယ်အရာကိုမဆို အလွန်အကျွံဖြစ်ရင် မကောင်းပါဘူး။ ဒီနေ့မှာတော့ အချိုများ များစားမိတာက ကွီးတို့ ရဲ့ ကျန်းမာရေး အပေါ် ဘယ်လိုသက်ရောက်စေသလဲဆိုတာ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ်အလေးချိန် တိုးလာစေပါတယ်

အချိုများ ကွီးတို့

Photo : Men’s Health

သကြားဟာ လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကို ထိခိုက်စေနိုင်ပါတယ်။ အချိုများသော အစားအစာများ၊ သကြားပါဝင်မှုများသော အချိုရည်များ စတာတွေကို အလွန်အကျွံသောက်သုံးမိခြင်းက ခန္ဓာကိုယ်အလေးချိန်ကို တိုးစေပြီး အဝလွန်ခြင်းဆီကို ဦးတည်သွားနိုင်ပါတယ်။ အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။

အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်

အချိုများ ကွီးတို့

Photo : Times of Malta

ကွီးတို့ရေ အချိုများများ စားသုံးမိတာ အချိန်ကြာလာရင် အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့်စေတယ်ဆိုတာ လူတော်တော်များများ သိပြီးသား ဖြစ်မှာပါ။ သို့သော်လည်း အချို့သောလူတွေက အချိုများများ စားသုံးခြင်းကို မလျော့ချနိုင်သေးပါဘူး။ ဒါ့အပြင် သကြားဓာတ်ကို ကြာရှည်စွာ စားသုံးခြင်းက သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးသည့် ပန်ကရိယမှ ထုတ်ပေးသော ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အင်ဆူလင်ကို ခုခံနိုင်စွမ်းရှိစေပါတယ်။ အင်ဆူလင်ကို ခံနိုင်ရည်ရှိခြင်းက သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေပြီး ဆီးချိုရောဂါဖြစ်နိုင်ချေကို ပြင်းထန်စွာ မြင့်တက်စေပါတယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် အချိုကို လျှော့စားဖို့ လိုပါတယ်။

ဝက်ခြံပေါက်ခြင်း

အချိုများ ကွီးတို့

Photo : Stryx

အချိုများများ စားသုံးခြင်းက ဝက်ခြံပေါက်နိုင်ခြေကို မြင့်တတ်စေပါတယ်။ သကြားပါသော အစားအစာများနှင့် အချိုရည်များ အပါအဝင် သန့်စင်ပြီး ကာဗိုဟိုက်ဒရိတ် များသော အစားအစာများက ဝက်ခြံပေါက်နိုင်ခြေကို ပိုများစေပါတယ်လို့ ဆိုပါတယ်။ သကြားပါသော အစားအစာများ စားသုံးမှုများခြင်းက သွေးတွင်းသကြားဓာတ်နှင့် အင်ဆူလင်ပမာဏကို မြင့်တက်စေပြီး အန်ဒရိုဂျင်ထုတ်လွှတ်မှု၊ အဆီထုတ်လုပ်မှုနှင့် ရောင်ရမ်းမှုတို့ကို ဖြစ်စေပါတယ်။ ဒီအချက်တွေအားလုံးက ဝက်ခြံပေါက်နိုင်ခြေကို မြင့်တတ်စေပါတယ်။ ဒါတွေတင် မကသေးဘဲ အရေပြားအတွင်းရှိ ကော်လဂျင်ဖွဲ့စည်းမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ကင်ဆာဖြစ်ပွားနိုင်ခြေကို တိုးစေပါတယ်

Photo : Dr. Claudio Murta

သကြားပမာဏ အလွန်အကျွံစားခြင်းက အချို့သော ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ ပထမတစ်ချက်အနေနဲ့ သကြားဓာတ်များသော အစားအစာများက အဝလွန်ခြင်းကို ဖြစ်စေနိုင်ပြီး၊ နောက်တစ်ချက်အနေနဲ့ကတော့ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို မြင့်တက်စေပြီး အင်ဆူလင်ခုခံမှုကို ဖြစ်စေနိုင်ပါတယ်။ ဒီနှစ်ချက်လုံးက ကင်ဆာဖြစ်ပွားနိုင်ခြေကို သိသိသာသာ မြင့်တတ်စေပါတယ်။ လေ့လာမှုများအရ သကြားဓာတ် မြင့်မားစွာ စားသုံးခြင်းဖြင့် ကင်ဆာဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဆိုပါတယ်။

နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို တိုးစေပါတယ်

Photo : Men’s Health

အချိုဓာတ်များသော အစားအစာများ တစ်နည်းအားဖြင့် သကြားဓာတ်များသော အစားအစာများ စားသုံးခြင်းက နှလုံးရောဂါအပါအဝင်၊ ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးစေနိုင်တဲ့ ရောဂါများ ဖြစ်ပွားမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ သကြားဓာတ်များသော အစားအစာများက အဝလွန်ခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်သည့်အပြင် Triglycerides မြင့်မားခြင်း၊ သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန်များခြင်း စတာတွေ အားလုံးက နှလုံးရောဂါအတွက် အန္တရာယ်ဖြစ်စေသော အကြောင်းရင်းများ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူ ၂၅,၈၇၇ ယောက်ကို လေ့လာမှုများအရ အချိုဓာတ်ပိုစားသူများက အချိုသိပ်မစားသူများနဲ့ နှိုင်းယှဉ်ပါက နှလုံးရောဂါနှင့် သွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သကြားများများ စားသုံးခြင်းက နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကို တိုးစေရုံသာမက လေဖြတ်နိုင်ခြေ ကိုလည်း တိုးစေနိုင်ပါတယ်။

ကွီးတို့ရေ အချိုများများ စားတာက သတိမထားလိုက်မိခင်မှာပဲ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဆိုးကျိုးတွေ အများကြီး ဖြစ်နိုင်တယ်ဆိုတာ သိရှိလောက်ပြီ ထင်ပါတယ်။ ဒါ့ကြောင့် ဘယ်အရာကိုမှ အလွန်အကျွံ မဟုတ်ဘဲ သတိလေးနဲ့ ယှဉ်ပြီး စားသောက်နေထိုင်သင့်ပါတယ်။ ဒါ့ကြောင့် အချိုများ တာ အချစ်ပဲကောင်းတာကြောင့် ကွီးတို့ လည်း အချိုလျှော့စားကြပါလို့ ဒီကနေ တိုက်တွန်းလိုက်ပါတယ်ဗျာ။

Source : Medical News Today, Healthline

Featured Photo : Smiles