အာဆင်နယ်အသင်းကတော့ ဒီတစ်ပတ်အတွင်းမှာပဲ ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲ (၂)ခုဖြစ်တဲ့ ခါရာဘောင် လိဂ်ဖလား တနည်းအားဖြင့် အချိုရည်ဖလား နဲ့ အက်ဖ်အေဖလားပွဲတွေကို ဆက်တိုက် ကစားသွားရမှာဖြစ်ပြီး အခန့်မသင်ရင် ဒီပြိုင်ပွဲ (၂)ခုလုံးကနေပါ ပြုတ်သွားနိုင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

Photo : Evening Standard

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ အာဆင်နယ်က နယူးကာဆယ်အသင်းနဲ့ ခါရာဘောင် လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို အိမ်ကွင်း Emirates မှာ ဧည့်ခံကစားခဲ့ရင်း အီဆက်ခ် ဂေါ်ဒွန်တို့ရဲ့ ဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ပကျော့ကို အိမ်ကွင်းမှာ အခုလို (0-2) နဲ့ ရှုံးနိမ့်ခဲ့ရတာက ဒုကျော့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ သွားကစားရတော့မယ့် အာဆင်နယ်အတွက် ခက်ခဲရနိုင်ပါတယ်။ ဒီလိဂ်ဖလားပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ ဒီနှစ်သင်း တွေ့ဆုံခဲ့စဉ်ကလည်း စိန့်ဂျိမ်းစ်ပါ့ခ်မှာပဲ နယူးကာဆယ်ကပဲ အနိုင်ရခဲ့တာကြောင့် ဒီရှုံးကြွေးကို ပြန်ဆပ်ဖို့ရော ပထမအကျော့ရလဒ်ကို ကျော်ဖြတ်ဖို့ရောက အာဆင်နယ်အတွက်တော့ သိပ်မလွယ်ကူနိုင်ပါဘူး။

Photo : Opta Analyst

ဒီပွဲကို ကစားထားရတဲ့ အာဆင်နယ်က အခု တနင်္ဂနွေနေ့မှာပဲ ပြိုင်ဘက်ဟောင်းကြီး မန်ချက်စတာ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား တတိယအဆင့်ကို ကစားရပါဦးမယ်။ အာဆင်နယ်က ဒီနောက်ပိုင်း မန်ယူနိုက်တက်နဲ့ တွေ့ဆုံတိုင်းမှာ ရလဒ်ကောင်းနေတက်နေသလို မကြာသေးခင် ပရီးမီးယားလိဂ်မှာ တွေ့ဆုံထားတုန်းကလည်း ပူပူနွေးနွေး အနိုင်ယူထားခဲ့ပါသေးတယ်။ ဒါပေမယ့် အမော်ရင်ရဲ့ ယူနိုက်တက်က မန်စီးတီးကို အနိုင်ယူထားပြီး လီဗာပူးလ်ကိုလည်း အနိုင်ရလုနီးပါးအထိ ကစားထားခဲ့တာကြောင့် အာဆင်နယ်နဲ့ ပြန်ဆုံရချိန်မှာလည်း အာဆင်နယ်ကို ဘယ်လောက်အထိ ဒုက္ခပေးသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Photo : ESPN

အာဆင်နယ်အနေနဲ့ နောက်ထပ် ဖလားလက်မဲ့ရာသီ မဖြစ်စေဖို့ လိဂ်ဖလား ဒါမှမဟုတ် အက်ဖ်အေဖလား တစ်လုံးလုံးကို ရယူနိုင်ဖို့က လိုအပ်နေပြီး ပရီးမီးယားလိဂ်မှာကတော့ အဆင့်(၂)နေရာ ရောက်နေသည့်တိုင် အရင်လို စည်သူလွင် ဖြစ်သွားဖို့သာ အခြေအနေများနေပြီး ချန်ပီယံလိဂ်မှာဆိုရင်လည်း ပြိုင်ပွဲ အတွေ့အကြုံ နည်းလွန်းနေတာက သူတို့အသင်းအတွက် ချန်ပီယံလိဂ် အောင်မြင်မှု ရယူဖို့ ခဲယဉ်းနိုင်ပါတယ်။

Featured Photo : Football Insider