ကျနော်တို့နေထိုင်ရာ ကမ္ဘာပေါ်မှာ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းတွေ အများကြီးရှိပါတယ်။ အချို့စည်းမျဥ်းစည်းကမ်းတွေကတော့ မလိုက်နာဘူးဆိုရင် အသက်အန္တရာယ်ကို ထိခိုက်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အချို့စည်းမျဥ်းစည်းကမ်းတွေကတော့ ကွီးတို့ မလိုက်နာလည်း ဘေးအန္တရာယ်မဖြစ်စေပါဘူး။ ဒါပေမဲ့ တစ်စိတ်တစ်ပိုင်းတော့ ထိခိုက်သွားတတ်ပါတယ်။ ဥပမာ ကွီးတို့သာ ဖက်ရှင် စည်းမျဥ်းတွေကို မသိထားဘူး၊ မလိုက်နာဘူးဆိုရင်တော့ ကွီးတို့ ဖက်ရှင်က အဂွမ်းတကာ့ အဂွမ်းဆုံး ဖက်ရှင် ဖြစ်သွားပြီး ရှော်တီလေးတွေကလည်း နှာခေါင်းရှုံ့ကြမှာ အမှန်ပါပဲ။
ရှော်တီလေးတွေ နှာခေါင်းရှုံ့တာ မခံချင်ဘူး၊ ကိုယ့်ရဲ့ ဖက်ရှင်ကလည်း အဂွမ်းတကာ့ အဂွမ်းဆုံး ဖက်ရှင် မျိုး မဖြစ်ချင်ဘူးဆိုရင်တော့ သိထားသင့်တဲ့အချက်များ ရှိပါတယ်။
အရောင်ရွေးချယ်မှု မှန်ကန်ပါစေ
ကိုယ့်ရဲ့ အင်္ကျီအရောင်နဲ့ ဘောင်းဘီအရောင်သည် လိုက်ဖက်ညီမှုရှိဖို့လိုအပ်ပါတယ်။ တစ်ခုနဲ့ တစ်ခု လိုက်ဖက်နေမှသာ ကွီးတို့ရဲ့ ဖက်ရှင်က လူဘုံအလယ်မှာ ကြည့်ကောင်းပြီး ဆွဲဆောင်မှု တိုးနေမှာပါ။ တစ်ရောင်နဲ့ တစ်ရောင်က လိုက်ဖက်မှု မရှိဘူးဆိုရင်တော့ ကြည့်ရသူအဖို့လည်း ကြောင်ကြောင်ကျားကျားကြီးဖြစ်နေပြီး ကွီးတို့ ကိုယ်တိုင်လည်း မိမိကိုယ်ကို ယုံကြည်မှုရှိနိုင်မှာ မဟုတ်ပါဘူး။
ကွာလတီကောင်းတဲ့ လက်ပတ်နာရီများကို ဝတ်ဆင်ပါ
လက်ပတ်နာရီသည် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများထဲတွင် အဓိက အရေးအကြီးဆုံး ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ပတ်နာရီ ရွေးချယ်တဲ့အခါ ပြီးပြီးရော ရွေးချယ်လို့မရပါဘူး။ ကိုယ့်ရဲ့ လက်ပတ်နာရီသည် အရည်အသွေးကောင်းမွန်ပြီး ပွဲတက်အခမ်းအနားအတွက်ဆိုလည်း ပွဲလယ်တင့်ရမယ်၊ ထသွား ထလာ ဝတ်ဆင်တဲ့အခါမှာလည်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းတဲ့ နာရီမျိုးဖြစ်ရပါမယ်။ ဒါမှသာလျှင် ကွီးတို့ဖက်ရှင်က ကြည့်လိုက်တာနဲ့ မျက်စိထဲမှာ စွဲထင်နေစေမှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အတွင်းခံကို အရိုးရှင်းဆုံးသာ ထားရှိပါ
ဖက်ရှင်ဆိုတာသည် မြင်နေရတဲ့ အရာတစ်ခုတည်းကိုသာ ဆိုလိုတာမဟုတ်ပါဘူး။ ကွီးတို့ရဲ့ အတွင်းခံနဲ့ ပတ်သက်လာရင် လိုက်နာရမယ့် အချက် နှစ်ချက်ရှိပါတယ်။
ပထမအချက်ကတော့ ကွီးတို့ရဲ့ အတွင်းခံသည် ကျားသစ်ကွက်တွေ၊ ဘာအကွက်၊ ညာအကွက်တွေ ပါရှိတဲ့ အတွင်းခံမျိုး မဖြစ်ရပါဘူး။ ထိုအတွင်းခံများသည် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ရဲ့ ဖက်ရှင်ကို ဖျက်ဆီးနေမှာပဲ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ဈေးကြီးကြီး ဘရန်းနောက်ကို လိုက်နေစရာမလိုပါဘူး။ အချို့ အတွင်းခံတွေသည် ဘယ်လောက်ပဲ ဘရန်းက နာမည်ကြီးပါတယ် ပြောပြော ကွီးတို့ ဝတ်ရတာ သက်သောင့်သက်သာမရှိဘူးဆိုရင်လည်း နေရတာ မလွတ်မလပ်နဲ့ ကွီးတို့ရဲ့ ဖက်ရှင်ကို ကြည့်ရတာ သက်သောင့်သက်သာ မဖြစ်ပါဘူး။
အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ရဲ့ အတွင်းခံသည် ကောက်ညှင်းထုပ်လို ကြပ်ထုတ်နေတာမျိုးမဟုတ်ဘဲ လေဝင်လေထွက်ကောင်းတဲ့ ချည်သားဘောင်းဘီမျိုး၊ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာဖြစ်စေမယ့် အတွင်းခံမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။
ကိုယ် ဝတ်ဆင်တဲ့ ဖိနပ်ကိုလည်း သေချာဂရုစိုက်ပါ
ဖိနပ် ရွေးချယ်တဲ့အခါမှာလည်း စောစောက ဖော်ပြထားခဲ့သလိုပဲ နာမည်ကြီး ဘရန်းတွေနောက်ကို လိုက်နေလည်း အပိုပါပဲ။ ကိုယ်နဲ့ သက်သောင့်သက်သာဖြစ်ပြီး မည်သည့်အဝတ်အစား အရောင်နဲ့မဆို လိုက်ဖက်တဲ့ ဖိနပ်မျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ် သွားမယ့် နေရာဒေသ၊ တက်ရမယ့် ပွဲအခမ်းအနားပေါ် မူတည်ပြီး ဖိနပ်အမျိုးအစားများကို အမြော်အမြင်ကြီးစွာ သေချာရွေးချယ်ဖို့ လိုအပ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သိရှိအောင် ပြုလုပ်ပါ
ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားက ဘယ်လိုဖက်ရှင်မျိုးနဲ့ လိုက်ဖက်သလဲ။ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုးနဲ့ လိုက်ဖက်တာလား။ ဒါမှမဟုတ် လူကြီးဆန်ဆန် ရင့်ကျက်တဲ့ ဖက်ရှင်မျိုးနဲ့ လိုက်ဖက်တာလားဆိုတာ ကွီးတို့ကိုယ်တိုင်သိရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့သည် ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်မျိုးကို ရွေးချယ်ကာ ဆွဲဆောင်မှု တိုးနိုင်မှာမဟုတ်လား။
ကွီးတို့ရော လောလောဆယ်မှာ ဘယ်လိုဖက်ရှင်မျိုးကို မျက်စိကျနေပါသလဲ။
Source: Fashionbeans
Featured Image: Lifestyleasia