စူပါဟီးရိုး ရုပ်ရှင်တွေထဲမှာတော့ စူပါဟီးရိုးတွေက သူတို့ရဲ့ အသက်ကို ပဓာန မထားဘဲ ကမ္ဘာကြီးကို ကယ်တင်နေကြတာမျိုး တွေ့ဖူးပါလိမ့်မယ်။ စူပါဟီးရိုးတွေပဲ ကမ္ဘာကြီးကို ကယ်တင်နိုင်တာမဟုတ်ပါဘူး။ ကွီးတို့လည်း အိုဇုန်းလွှာများ ပါးလွှာပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်းကြောင့် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာတဲ့ ကမ္ဘာကြီးကို စူပါဟီးရိုးများနည်းတူ ကယ်တင်နိုင်ပါတယ်။ အဓိက လိုအပ်တာကတော့ ကွီးတို့ရဲ့ မဝတ်တော့တဲ့ အင်္ကျီ အဟောင်း တွေပဲဖြစ်ပါတယ်။
ကွီးတို့ မဝတ်ဖြစ်တော့တဲ့ အင်္ကျီ အဟောင်း များ၊ အစုတ် အပြဲများကို လွှင့်ပစ်မယ့်အစား သဘာဝ ပတ်ဝန်းကျင်ကို ကယ်တင်ဖို့ရန်အတွက် အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင် ကွီးတို့က အင်္ကျီ အဟောင်း တွေ အသုံးပြုကာ ကမ္ဘာကြီးကို ကယ်တင်တဲ့ စူပါဟီးရိုးတစ်ယောက် ဖြစ်သွားပါပြီ။
ပြုလုပ်ရမယ့် နည်းလမ်းတွေကလည်း ခက်ခဲတဲ့ နည်းလမ်းတွေ မဟုတ်ဘဲ လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် ကွီးတို့အားလုံးလည်း အလွယ်တကူ လိုက်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
အင်္ကျီအဟောင်းနဲ့ ပြုလုပ်ထားတဲ့ လက်ဆွဲအိတ်
ပလတ်စတစ်အိတ်များသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့အတွက်ကြောင့် မသုံးစွဲတာက အကောင်းဆုံးပါပဲ။ (လုံးဝ) မသုံးစွဲတာကတော့ အကောင်းဆုံးပဲဆိုပေမယ့် မသုံးမနေရ အခြေအနေမျိုးဆိုရင်တော့ အခုလိုမျိုး အင်္ကျီအဟောင်းတွေနဲ့ ပြုလုပ်ထားတဲ့ လက်ဆွဲအိတ်က အကောင်းဆုံးပါပဲ။
ပြုလုပ်နည်းကတော့ အင်္ကျီအဟောင်းတစ်ထည်ကို အိတ်ပုံသဏ္ဍာန် ညှပ်ကာ ဘေးပတ်ပတ်လည်မှာ လေဝင်လေထွက်ရှိအောင်လို့ အပေါက်ခပ်သေးသေးလေး ဖောက်ထားလိုက်ရပါမယ်။
ခေါင်းအုံးစွပ်များ၊ ကူရှင်အစွပ်များ ဖန်တီးပါ
ကွီးတို့ရဲ့ အင်္ကျီကို လွှင့်ပစ်ရမှာလည်း နှမြောတယ်ဆိုရင်တော့ ကွီးတို့ရဲ့ အိမ်အတွက် အသုံးတည့်မယ့်အရာမျိုး ဖန်တီးနိုင်ပါတယ်။ ထိုအရာကတော့ ခေါင်းအုံးအစွပ်များ၊ ကူရှင်အစွပ်များအဖြစ် အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ထိုကဲ့သို့ အသုံးပြုလိုက်မယ်ဆိုရင် ခေါင်းအုံးများ၊ ကူရှင်များ ညစ်ပတ်သွားမှာကို ပူစရာမလိုတော့ပါဘူး။
တီရှပ်အဟောင်းများဖြင့် ခြေသုတ်ခုံ ဖန်တီးပါ
ဒီနည်းလမ်းကတော့ ပြုလုပ်ရတာ အနည်းငယ်တော့ လက်ဝင်နိုင်ပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ပြုလုပ်တတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
အရင်ဦးဆုံး အရောင်မတူတဲ့ တီရှပ်အဟောင်း ၄၊ ၅ ထည်လောက်ကို အဆင်သင့်ပြင်ထားပါ။ ထို့နောက် ကော်သေနတ်၊ ကတ်ကြေး၊ ခြေသုတ်ခုံ အရွယ်အစားခန့် ညှပ်ထားတဲ့ ဖော့ပြား အစရှိသည်တို့ကိုလည်း အဆင်သင့်ပြင်ထားပါ။
ထို့နောက် တီရှပ်အဟောင်းကို အနေတော် အရွယ်အစားခန့် ညှပ်ထားပြီးနောက် ပုံပါအတိုင်း ထုံးလိုက်ပါ။
ထို့နောက် ဖော့ပြားကို ခြေသုတ်ခုံ အရွယ်အစားခန့် ညှပ်ပစ်လိုက်ပါ။ ထို့နောက် ဖော့ပြားရဲ့ အနားသားကို ကော်သေနတ်ဖြင့် ကပ်ပေးလိုက်ပါ။ ချက်ချင်းဆိုသလိုပဲ စောစောက ထုံးထားတဲ့ အဝတ်စများကို ထိုအပေါ်မှာ ကပ်ပေးလိုက်ပါ။
ဖော့ပြားရဲ့ အနားသားကနေ တစ်ဆင့်ချင်းစီ တိုးကာ ပြုလုပ်သွားရပါမယ်။ ကော်ဖြင့် ကပ်လိုက်၊ အဝတ်ထုံးဖြင့် ကပ်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရပါမယ်။
ထိုအဆင့်အားလုံး ပြီးသွားတဲ့အခါမှာတော့ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ခြေသုတ်ခုံအသစ်တစ်ခု ရသွားပြီပဲဖြစ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ နည်းလမ်းတွေထဲက ဘယ်နည်းလမ်းက ကွီးတို့အတွက် အသုံးတည့်မယ်လို့ ထင်ပါသလဲ။
Source: Hgtv
Featured Image: Freepik