ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကြီး ပြီးဆုံးသွားပြီး ရက်ပိုင်းအကြာမှာပဲ အင်္ဂလန်အသင်းကို ယူရို-၂၀၂၄ ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ အင်္ဂလန် နည်းပြ ရာထူးကနေ တရားဝင် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

southgate

Photo Credit: The Sun

တကယ်တော့ ဒီလို ဆောက်ဂိတ်နဲ့ အင်္ဂလန်တို့ လက်တွဲဖြုတ်သွားပြီဆိုတဲ့ သတင်းကို အင်္ဂလန် ပရိသတ်အများစုက မျှော်လင့်နေကြမှာ သေချာပါတယ်။ ဒီယူရိုမှာ ဟယ်ရီကိန်း ဘယ်လင်ဟမ် ဖိုဒန် ဆာကာ ဒက်ကလန်ရိုက်စ် ပါလ်မာတို့လို ကြယ်ပွင့်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂလန်လို အသင်းမျိုးကိုမှ ဗိုလ်လုပွဲအထိ ပို့ဆောင်နိုင်ခဲ့ပေမယ့် ပွဲတိုင်းလိုလိုမှာ ချန်ပီယံ ဖြစ်လာနိုင်မယ့် အသင်းမျိုးဆိုပြီး ယုံကြည်ရစေနိုင်မယ့် စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ပဲ အနည်းနဲ့အများ ရုန်းကန်ခဲ့ရပါတယ်။

england coach southgate

Photo Credit: Eurosport

ဆောက်ဂိတ်က အင်္ဂလန်ကို မကိုင်တွယ်ခင်မှာလည်း မစ်ဒယ်ဘရော့နဲ့ အင်္ဂလန် ယူ-၂၁အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံလောက်သာ ရှိခဲ့ပြီး ပုံရိပ်သိပ်မရှိတဲ့ နည်းပြလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် ၂၀၁၆ခုနှစ်ကနေ အခု ၂၀၂၄အထိ အင်္ဂလန်အတွက် သူလုပ်ဆောင်ပေးခဲ့တာတွေက ဆုဖလား အောင်မြင်မှု ၊ စွဲမက်စရာ ကစားဟန်ပန်တွေကလွဲရင်တော့ အင်္ဂလန်နည်းပြ အဆက်ဆက်မှာ အမြင့်မားဆုံးလို့ ပြောရပါမယ်။ ယူရိုပြိုင်ပွဲမှာ (၂)ကြိမ်ဆက်တိုက် ဗိုလ်လုပွဲအဆင့်တွေဆီ တက်လှမ်းနိုင်ခဲ့တယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ စတုတ္ထနေရာ ရတယ်။ အင်္ဂလန် နည်းပြဟောင်းကြီး အာ့လ်ဖ် ရမ်ဆေးနောက်ပိုင်း ဘယ်နည်းပြမှ မရထားသေးတဲ့ မှတ်တမ်းတွေကိုလည်း ဆောက်ဂိတ်က ရယူပြနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း အင်္ဂလန်ဟာ နာမည်ကြီး ထမင်းငတ် ဖြစ်နေဆဲပါပဲ။

southgate resigned

Photo Credit: CNA

ယူရို-၂၀၂၄ ပြိုင်ပွဲ မကျင်းပခင်ကဆိုရင် ကြယ်ပွင့် ကစားသမားတွေ အစုံအလင် ပါဝင်နေတဲ့ အင်္ဂလန်ကို ယူရိုချန်ပီယံ ဖြစ်လာမယ်လို့ တော်တော်များများက ထင်ခဲ့ကြပေမယ့်လည်း ဆောက်ဂိတ်ရဲ့ အင်္ဂလန်က ဖိုင်နယ်ဆီတော့ လိမ်ဖယ် လိမ်ဖယ်နဲ့ တက်လှမ်းလာနိုင်ခဲ့ပေမယ့် သူ့ထက် ပိုကောင်းတဲ့ စပိန်နဲ့ ဖိုင်နယ်မှာ ဆုံတော့ ရှုံးရပါတော့တယ်။ တကယ်ဆိုရင် ဆောက်ဂိတ်ရဲ့ အင်္ဂလန် ကတောင် စပိန်ထက် ကစားသမားအင်အားပိုင်းမှာ ပိုသာနေပေမယ့် ကစားသမားတွေရဲ့ လိုအပ်ချက် ဆောက်ဂိတ်ရဲ့ လိုအပ်ချက်ကြောင့်ပဲ အင်္ဂလန်တို့ ဖလားလက်မဲ့သာ ဆက်ဖြစ်သွားခဲ့ ရပါတယ်။ ဒီအချိန်မှာတော့ ဆောက်ဂိတ် ကိုယ်တိုင်လည်း ငါကိုယ်တိုင် လစ်ရတော့မယ့်အချိန် ကျရောက်လာပြီ ဖြစ်တယ်လို့ သတိထားမိရင်းကနေ နောက်ဆုံး နည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့ပါတော့တယ်။

Featured Photo: Opta Analyst