ကွီးတို့ရေ “ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး” ဆိုတဲ့ ဆိုရိုးစကားအရ အစာအိမ် ဟာ ကွီးတို့ခန္ဓာကိုယ်ရဲ့ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို ပြဆိုနေပါတယ်။။ စားသုံးလိုက်တဲ့ အစားအစာနှင့် ရေက အစာအိမ်ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို ဆုံးဖြတ်ပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးရင် အစာအိမ်ကို အားကောင်းစေပါတယ်။ အခြားတစ်ဖက်မှာလည်း ကြေညက်ခဲတဲ့အစာတွေလို အချို့သော အစားအသောက်တွေက အစာခြေစနစ်ကို ပျက်စီးစေပြီး လေပွတာ ၊ အချဉ်ဓာတ်ပေါက်တာ ၊ အစာအိမ်ရောင်တာနဲ့ အခြား အစာအိမ် ကျန်းမာရေး ဆိုင်ရာရောဂါများကို ဖြစ်စေနိုင်ပါတယ်။

ကွီးတို့အနေနဲ့ အလုပ်များသူဖြစ်နေရင် ကျန်းမာရေးနှင့် မညီညွတ်တဲ့ နေထိုင်မှုပုံစံဆီသို့ တွန်းပို့ ပေးနေသလို ဖြစ်တတ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံအများစုဆိုတာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို အလွယ်စားမိတဲ့ အကျင့်တွေကနေ စတင်ပါတယ်။ အစာအိမ်က အစာခြေဖျက်ရာမှာ ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ဒါ့အပြင် ဇီဝဖြစ်ပျက်မှုကို တိုးမြင့်စေတဲ့ ပြီးပြည့်စုံသော အစာခြေစနစ်ကို ထိန်းသိမ်းထားဖို့ အရေးကြီးကြောင်း သတိပြုပါ။ ဒါကြောင့် အစာအိမ်ကျန်းမာပြီး သန့်ရှင်းနေမှသာ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာစေရေးအတွက် အထောက်အကူပြုပြီး ၎င်းရဲ့တာဝန်ကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အစာအိမ် ကျန်းမာရေး အတွက် လိုက်နာသင့်တဲ့ အကြံပြုချက်တွေကို ရှာဖွေ တင်ပြပေးလိုက်ပါတယ်။

(၁) ရေများများသောက်ပါ

အစာအိမ် ကျန်းမာရေး

Photo : The Mirror

အစာအိမ် ကျန်းမာရေး နဲ့ သန့်ရှင်းစေဖို့အတွက် ရေများများသောက်ဖို့ လိုပါတယ်။ လူအများစုအနေနဲ့ အချိန်ကြာကြာနေပြီးမှ ရေအနည်းငယ်သောက်တဲ့ အလေ့အထ ရှိကြပါတယ်။ ဆေးပညာရှင်များက တစ်နေ့လျှင် အနည်းဆုံးရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ရန် လိုအပ်ကြောင်း ပြောကြပါတယ်။။ ရေနည်းနည်းသောက်တာက အစာအိမ်က ရေဓာတ်ခမ်းခြောက်စေပြီး အစာခြေစနစ်ကို ထိခိုက်စေပါတယ်။ ရေများများသောက်ခြင်းက အဆိပ်အတောက်တွေ များများထွက်လာစေပြီး ဆီးများများ ထွက်စေပါတယ်။ ဒါ့ကြောင့် ရေများများသောက်ခြင်းက အစာအိမ်ကျန်းမာသန့်ရှင်းစေရန်အတွက် လိုက်နာသင့်တဲ့ အကြံပြုချက် တစ်ခုဖြစ်ပါတယ်။

(၂) အစာ မစားတဲ့အကျင့်ကို ရှောင်ပါ

အစာအိမ် ကျန်းမာရေး

Photo : Eat This, Not That

ကွီးတို့အနေနဲ့ အလုပ်ရှုပ်တဲ့နေ့တွေမှာ သတ်မှတ်အချိန်အတွင်း အစာကို စားသောက်ဖို့ အချိန်မရှိတာ ၊ အခြေအနေမပေးတာ ရှိတတ်ပါတယ်။ အစာမစားတာမျိုး သို့မဟုတ် ပုံမှန်မဟုတ်သော စားသောက်မှုတွေက အစာအိမ် အချဉ်ပေါက်တာ ၊ ရောင်တာနဲ့ အခြား အစာအိမ် ဆိုင်ရာရောဂါများ ဖြစ်ပွားစေတတ်ပါတယ်။ အစာအိမ် သန့်ရှင်းကျန်းမာနေစေဖို့အတွက် အစားစာချိန်မလွန်စေဘဲ အစားအစာများကို သေချာစားသောက်ဖို့ အကြံပေးလိုပါတယ်။ တစ်နေ့ကို မနက်စာ၊ နေ့လည်စာနဲ့ ညစာ သုံးနပ်ကို သေချာစားသုံးပါ။ အချိန်မှန်စားခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အဆာလွန်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

(၃) အစာကို သေသေချာချာ ဝါးစားပါ

အစာအိမ် ကျန်းမာရေး

Photo : Gentle Dental Care Liverpool

တစ်ခါတစ်လေ အချိန်မရှိလို့ဖြစ်စေ အစားကို သေချာမဝါးဘဲ မြန်မြန်စားမိတတ်ပါတယ်။ အစားအသောက်ကို အမြန်စားခြင်းက အစာကြေဖို့အတွက် ခက်ပါလိမ့်မယ်။ ကျန်းမာသော အစာအိမ်ဖြစ်စေဖို့အတွက် သေသေချာချာဝါးစားဖို့ လိုပါတယ်။ ကြေညက်စွာစားသုံးခြင်းက ဇီဝဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် အသီးအရွက်များ များများ စားသုံးခြင်းကလည်း အစာအိမ် ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်ပါ

Stomach health

Photo : Eat This, Not That

အစာအိမ်ကျန်းမာသန်းရှင်းဖို့အတွက် ကျန်းမာသောလူနေမှုပုံစံဖြင့် နေထိုင်ဖို့ လိုပါတယ်။ ကျန်းမာသော နေထိုင်မှုပုံစံက ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနှင့် တိုက်ရိုက် အချိုးကျပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ ကွီးတို့ အချိန်အနည်းငယ် ပေးလိုက်ခြင်းဖြင့် ကျန်းမာရေး ပိုကောင်းလာတာကို တွေ့ရမှာပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ပြင်ပခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပေးရုံသာမက အစာအိမ်ဆဲလ်များရဲ့ လုပ်ဆောင်မှုကို သွယ်ဝိုက်သောနည်းဖြင့် ကူညီပေးပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမှန်မှန် လုပ်ခြင်းဟာ အစာအိမ် ကျန်းမာရေး အတွက် လိုက်နာသင့်တဲ့ အကြံပြုချက်တစ်ခု ဖြစ်ပါတယ်။

(၅) အစာအိမ်အတွက် အကျိုးမဖြစ်စေတဲ့ အစာတွေကို ရှောင်ပါ

Stomach health

Photo : Pritkin Longevity Center

ကွီးတို့အနေနဲ့ ရုံးတက်ရင်း ၊ ခရီးသွားရင်း ပါတီပွဲတွေတက်ရင်း အသင့်စားအစာတွေ၊  အချိုရည်တွေ ၊ ချောကလက် ၊ ဘီစကစ် ၊ ဝက်အူချောင်းလို အာဟာရတန်ဖိုးနည်းတဲ့ သို့မဟုတ် ကယ်လိုရီမြင့်တဲ့ အစားအစာတွေကို စားတတ်ကြပါတယ်။ ဒီလိုအစာတွေ များများစားမယ်ဆိုရင် အစာအိမ်အတွက် အကျိုးမရှိစေပါဘူး။ ဒီလို အစားအစာတွေက အရသာရှိတဲ့အပြင် ကွီးတို့ပတ်ဝန်းကျင်မှာ အလွယ်တကူ ရှိနေတဲ့အတွက် ဖြတ်ဖို့တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ကွီးတို့ အစာအိမ် ကျန်းမာရေးအတွက် စားသုံးမှုကို လျှော့လို့တော့ ရပါတယ်။

ကွီးတို့ တတ်နိုင်သမျှ အသင့်စား အစားအစာတွေကို ရှောင်ကြဉ်ပါ။ အကြော်၊ ပီဇာ၊ ခေါက်ဆွဲ စတဲ့ အသင့်စားအစာမှာပါတဲ့ အမွှေးအကြိုင်နဲ့ ဓါတုပစ္စည်းတွေက ဇီဝဖြစ်ပျက်မှုကို အားနည်းစေပြီး အစာအိမ်ကို ထိခိုက်စေပါတယ်။ အစာအိမ်ကင်ဆာ ဖြစ်ပွားတတ်တဲ့ အဓိက အကြောင်းအရင်းထဲမှာ အသင့်စား အစားအစာများ များစွာ စားသုံးခြင်းလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ အရက်သေစာများ အလွန်အကျွံ သောက်စားခြင်းကလည်း အစာအိမ် ကျန်းမာရေးကို ထိခိုက်နိုင်တာကြောင့် သတိနဲ့ယှဉ်ပြီး အသင့်အတင့်သာ မှီဝဲသင့်ပါတယ်။

ကွီးတို့ရေ အစာအိမ်ဟာ အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့အတွက် ဖော်ပြခဲ့တဲ့ အကြံပြုချက် တွေအတိုင်း လိုက်နာခြင်းဖြင့် ကျန်းမာ ပျော်ရွှင်သော ဘဝကို ရယူပိုင်ဆိုင်နိုင်ပါစေ။

Source : Credihealth

Featured Photo : Wtop News