ဘဝမှာ ဘာပဲလုပ်လုပ် အဆင်မပြေ ဘူးလို့ ထင်နေမိရင်တော့ ကွီးတို့က အခုဖော်ပြမယ့် အချက် တွေကို တစိုက်မိတ်မတ် ပြုလုပ်နေမိလို့ပဲ ဖြစ်ပါတယ်။ ကိုယ်က အောင်မြင်မှုကို လိုလားပေမယ့် ကိုယ့်ရဲ့ အမူအကျင့်များကတော့ အောင်မြင်စေမယ့် အမူအကျင့်များ မဟုတ်ရင်တော့ အောင်မြင်မှုနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါပဲ။
ကွီးတို့က ပျင်းရိပြီး အချိန်ဆွဲနေလို့ပါ
ဒီနေ့ပြီးရမယ့် အလုပ်ကို အချိန်ရှိပါသေးတယ်ဆိုပြီး နေ့ရွေ့လိုက်၊ ညရွေ့လိုက်နဲ့ တဖြည်းဖြည်း ရွေ့ဆိုင်းနေမယ်ဆိုရင်တော့ အချိန်တွေ ကုန်လွန်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ ကွီးတို့ရဲ့ ကုန်လွန်သွားတဲ့အချိန်တွေကို ဘယ်လောက်ပဲ ပိုက်ဆံတွေ ပုံအောပြီး ပေးနေပါစေ၊ ကုန်ဆုံးသွားတဲ့အချိန်တွေကို ပြန်မရနိုင်ပါဘူး။ နောင်တဆိုတာ နောင်မှ ရတတ်တာဖြစ်ပါတယ်။ တချိန်ချိန်မှာ အသက်အရွယ်ကြီးလာမှ နောင်တရမယ့်အစား အချိန်ရှိတုန်းမှာ လုံ့လစိုက်ထုတ်မယ်ဆိုရင် တစ်ချိန်ချိန်မှာ အောင်မြင်မှု အသီးအပွင့်ကို ခံစားရရှိမှာပဲ ဖြစ်ပါတယ်။
နည်းလမ်း မှားနေလို့ပါ
ကိုယ် ဖြစ်ချင်တာက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး၊ ဒါပေမဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို လေ့လာမယ့်အစား အနုပညာနဲ့ ပတ်သက်တဲ့အကြောင်းအရာများကို လေ့လာနေမိမယ်ဆိုရင်တော့ ကိုယ့်ရဲ့ နည်းလမ်းက တက်တက်စင်အောင်ကို လွဲမှားနေပြီပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ သွားချင်တဲ့ ပန်းတိုင်နဲ့ အသုံးပြုနေတဲ့ နည်းလမ်းက ကိုက်ညီရဲ့လားဆိုတာကို ပြန်စဥ်းစားသုံးသပ်ဖို့ လိုအပ်ပါမယ်။ ကိုယ့်ရဲ့ နည်းလမ်းက မှားယွင်းနေခြင်းသည်လည်း ဘာလုပ်လုပ် အဆင်မပြေ စေတဲ့ အချက် တွေထဲက တစ်ချက်ပဲဖြစ်ပါတယ်။
ကြိုးစားအားထုတ်မှု မရှိလို့ပါ
အားမနာတမ်း ပြောရမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ကြိုးစားအားထုတ်မှုက မလုံလောက်သေးလို့ပါပဲ။ တစ်ပတ်မှာ ခုနှစ်ရက်ရှိတဲ့အနက် တစ်ရက်ကလေး ကြိုးစားလိုက်ရုံနဲ့ ထူးကဲပြီး အောင်မြင်မသွားပါဘူး။ အချိန်ရှိသရွေ့ ကြိုးစားနေဖို့ လိုအပ်ပါတယ်။ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ လူတွေကို ကြည့်လိုက်ပါ။ သူတို့ရဲ့ ပုံမှန်နှုန်းအတိုင်း ဖြည်းဖြည်းမှန်မှန်နဲ့ နေ့စဥ်နေ့တိုင်း ကြိုးစားနေကြတဲ့ သူတွေချည်းပါပဲ။ ကောက်ရိုးမီးလို ဝုန်းဒိုင်းနဲ့ ထတောက်ပြီး ပြန်ငြိမ်းသွားလို့ကတော့ ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွီးတို့ရဲ့ ကြိုးစားအားထုတ်မှုကို ပြန်သုံးသပ်ကြည့်ပါ။
ဒါ့အပြင် ကွီးတို့ရဲ့ ဘဝမှာ ဘာပဲလုပ်လုပ် အဆင်မပြေ ဘူးဆိုရင် ဒီ အချက် များနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။
Comfort Zone ထဲမှာပဲ ပိတ်မိနေပြီလား
Comfort Zone ထဲမှာနေတာက စိတ်သက်သာမှုကို အပြည့်အဝ ရရှိစေပါတယ်။ ဒါပေမဲ့ အနေကြာလာတဲ့အခါ မသုံးတော့တဲ့ ဓားတစ်လက်လို သံချေးတက်သွားပြီး ဟောင်းနွမ်းကာ အသွား ထက်တော့မှာလည်း မဟုတ်ပါဘူး။ အသွားထက်တဲ့ ဓားတစ်ချောင်းလို အသစ်အတိုင်း ဖြစ်နေချင်တယ်ဆိုရင် အမြဲတမ်း သွေးထားဖို့ လိုအပ်ပါမယ်။ ပုံမှန်လည်း အသုံးပြုပေးရပါမယ်။ ကွီးတို့လည်း ဓားအသစ်တစ်ချောင်းလို အမြဲတမ်း ထက်နေဖို့ဆိုရင် ကိုယ့်ရဲ့ Personal Development အတွက် လေ့လာစရာ ရှိတာများကို လေ့လာပါ။ လေ့လာထားသည်များကို လက်တွေ့ ပြန်လည်အသုံးချပါ။ ဒါဆိုရင်တော့ လုပ်သမျှအရာရာတိုင်းသည် အောင်မြင်အဆင်ပြေလာမှာပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို အထင်သေးနေမိတာလား
ဒါကြီးကို ငါ လုပ်နိုင်မှာ မဟုတ်ပါဘူးလေဆိုပြီး ကိုယ့်ကိုယ့်ကိုယ် လျော့တွက်နေပြီလား။ ဒါဆိုရင်တော့ သေချာပါတယ်၊ ကွီးတို့သည် ဘာလုပ်လုပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘယ်အလုပ်မဆို လုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကန့်သတ်မထားပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်ပါ။ ကိစ္စတစ်ခုခုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပါ။ အကောင်းမြင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်ရှုပါ။ ချီးမွမ်းပါ။ ဒါဆိုရင်တော့ ဘာပဲလုပ်လုပ် အိုကေမှ စိုပြေသွားမှာပဲ ဖြစ်ပါတယ်။
ကွီးတို့လည်း အခုဖော်ပြသွားတဲ့အချက်များနဲ့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။ ဘယ်နှချက်လောက် ညှိနေပါသလဲ။
Source: Forbes
Featured Image: Freepik