အကြောင်းအမျိုးမျိုးကြောင့် လှုပ်ရှားမှုနည်းတဲ့အခါ ခန္ဓာကိုယ်မှာ အဆီတွေ စုလာပြီး ကိုယ်အလေးချိန် တတ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အဆီတွေစုလာတဲ့အခါ လေးလံထိုင်းမှိုင်းလာပြီး ကျန်းမာရေးအတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဒါ့အပြင် ဒီအတိုင်းထားလိုက်ရင် ကြာလာတာနဲ့အမျှ အဝလွန်ခြင်း ဖြစ်လာနိုင်ပြီး ဆိုးဝါးသော သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ကောင်းကျိုးမပေးတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေဖို့ဆိုရင် လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပေးခြင်းထက် ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းမရှိပါဘူး။ ဒီဆောင်းပါးလေးမှာတော့ ခန္ဓာကိုယ်က အဆီပိုတွေကို ခပ်ကြမ်းကြမ်း ဖျောပစ်ချင်တဲ့ ကွီးတို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
ပြေးခြင်း
Photo : Men’s Health
ကွီးတို့အနေနဲ့ အဆီတွေကို ခပ်ကြမ်းကြမ်းဖျောပစ်ချင်တယ်ဆိုရင် လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ ပြေးခြင်းပဲ ဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်းက ကယ်လိုရီတွေ လောင်ကျွမ်းစေဖို့နဲ့ ကိုယ်ခံစွမ်းအားမြင့်တတ်လာစေဖို့ အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ Indoor ပဲ ပြေးပြေး၊ Outdoor ပဲ ပြေးပြေး အဆင်ပြေပါတယ်။
နာရီဝက်ပြေးခြင်းက ၁၈၅ ပေါင်ရှိသော လူတစ်ယောက်အတွက် ၃၃၆ ကယ်လိုရီခန့် လောင်ကျွမ်းစေနိုင်ပါတယ်။
ကြိုးခုန်ခြင်း
Photo : Men’s Health
ကြိုးခုန်ခြင်းက ကယ်လိုရီတွေကို ထိထိရောက်ရောက် လောင်ကျွမ်းစေတယ်ဆိုတာ သံသယဖြစ်စရာတော့ မရှိပါဘူး။ ဒါ့အပြင် အရိုးသိပ်သည်းဆကို တည်ဆောက်ပေးပြီး ခြေသလုံးကြွက်သားနှင့် ခြေကျင်းဝတ်သန်မာမှု၊ ကြံ့ခိုင်မှု တို့ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ကွီးတို့လုပ်နိုင်စွမ်းအားနဲ့ ကြာချိန်ကို ချိန်ဆပြီး ပြုလုပ်နိုင်ပါတယ်။ နောက်ပိုင်းမှ ဖြည်းဖြည်းချင်း အမြန်နှုန်းနဲ့ ကြာချိန်ကို တိုးမြှင့်သွားပါ။
ကြိုးခုန်ခြင်းက နာရီဝက်အတွင်း ၃၁၅ မှ ၅၈၀ ကယ်လိုရီခန့် လောင်ကျွမ်းစေနိုင်ပါတယ်။
Burpees
Photo : Men’s Health
Burpees က ကယ်လိုရီတွေ မြင့်မားစွာ လောင်ကျွမ်းပစ်နိုင်တဲ့ ခန္ဓာကိုယ်ပြည့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလေ့ကျင့်ခန်းက အဓိက ကြွက်သားအုပ်စုအားလုံးကို အလုပ်လုပ်ခြင်းဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက်ပိုင်း ကြံ့ခိုင်မှုကို တစ်ပြိုင်နက် တည်ဆောက်နိုင်စေပါတယ်။
Burpees က ၁၀ မိနစ်လျှင် ၁၀၅ ကယ်လိုရီခန့် လောင်ကျွမ်းနိုင်ပါတယ်။
Box Jumps
Photo : Men’s Health
ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်အောက်ပိုင်း ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည်သာမက ကယ်လိုရီတွေကို ပြင်းပြင်းထန်ထန်လောင်ကျွမ်းစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် အရင်ဆုံး ကွီးတို့ ပခုံးအကျယ်ခွာပြီး သေတ္တာတစ်လုံးရှေ့တွင် ရပ်ပါ။ ပုံတွင် ပြထားသည့်အတိုင်း လက်မောင်းကို နောက်သို့ လွှဲကာ သေတ္တာပေါ်သို့ အရှိန်ယူကာ ခြေထောက်နှစ်ဖက်လုံးဖြင့် ခုန်တတ်လိုက်ပါ။ ထို့နောက် အောက်သို့ ဂရုတစိုက် ပြန်ဆင်းပါ။ ပြီးလျှင် အစအနေအထားသို့ ပြန်သွားပြီး ထပ်ခါထပ်ခါ ပြုလုပ်ပါ။
ဒီလေ့ကျင့်ခန်းက ၁၅ မိနစ်မှာ ၁၂၈ ကယ်လိုရီခန့် လောင်ကျွမ်းစေနိုင်ပါတယ်။
Mountain Climber
Photo : Men’s Health
ဒီလေ့ကျင့်ခန်းကလည်း ကွီးတို့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို စတင်လုပ်မယ်ဆိုရင် ကြမ်းပြင်ပေါ်မှာ တောင်တတ်မဲ့ပုံစံအတိုင်း လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်တွင် ထောက်လျက် ဘယ်ခြေထောက်တစ်ဖက်ကို ထောက်ပြီး ညာခြေကို ရှေ့သို့လှမ်းမဲ့ပုံစံအနေအထား ဖြစ်ပါစေ။ ဒါက စတင်တဲ့ အနေအထားဖြစ်ပါတယ်။ ထို့နောက် ညာဘက်ခြေဖဝါးကို ကြမ်းပြင်မှ ရုတ်သိမ်းလိုက်ပြီး ညာဘက်ဒူးကို ရင်ဘတ်ဆီသို့ တွန်းပါ။ ပြီးလျှင် ညာခြေကို ကြမ်းပြင်ပေါ်ထောက်လျက် ဘယ်ခြေကိုရင်ဘတ်ဆီသို့ တွန်းတင်ပါ။ ထို့သို့ တစ်လှည့်စီ လုပ်သွားပေးပါ။
Mountain Climber က ၁၅ မိနစ်မှာ ၁၇၁ ကယ်လိုရီခန့် လောင်ကျွမ်းစေပါတယ်။
အခုဖော်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းတွေက ကောင်းကျိုးမပေးမဲ့ အဆီပိုတွေကို ခပ်ကြမ်းကြမ်း ဖျောပစ်ဖို့အတွက် ထိရောက်တဲ့ ခန္ဓာကိုယ်ပြည့် လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ အဆီကင်းပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို လိုချင်ရင် ဒီလေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးဖို့ လိုပါတယ်။
Source : Men’s Health
Featured Photo : Boxlets