ဝက်ခြံ ပြဿနာဟာ အမျိုးသား/အမျိုးသမီးမရွေး ခေါင်းကိုက်ရတဲ့ ကိစ္စတစ်ခုပါပဲ။ ဘယ်လိုအသားအရေ အမျိုးအစားမဆို ဝက်ခြံပြဿနာတွေ ကြုံတွေ့ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အဆီပြန် တက်တဲ့ Oily Skin အသားအရေပိုင်ရှင် တွေအတွက် ဝက်ခြံ ပြဿနာကို ကုသနိုင်မယ့် လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းလေး ၁ ခုကို မျှဝေပေးချင်ပါတယ်။ ဒါကတော့ သံပရိုရည်နဲ့ ပျားရည်ကို ရောစပ်အသုံးပြုရတဲ့ ဝက်ခြံကုထုံး ဖြစ်ပါတယ်။

Photo : Healthline

သံပရိုရည်နဲ့ ပျားရည် အရောအနှော

သံပရိုရည်ဟာ Oily Skin အသားအရေအတွက် အကောင်းဆုံး အိမ်တွင်းဆေးတစ်လက်ပါ။ သံပရိုရည်မှာ ပါဝင်တဲ့ Citric အက်စစ် က အသားအရေ အဆီပြန်ခြင်းကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပြီး ဝက်ခြံတွေကို ထိရောက်စွာ လျှော့ချပေးနိုင်တဲ့ အစွမ်းတွေရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ဝက်ခြံကြောင့်ဖြစ်ပေါ်လာတဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်စွမ်းရှိပါတယ်။ အလားတူ ပျားရည်မှာလည်း ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေပါရှိပြီး အသားအရေ အစိုဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ပျားရည်က အသားအရေကို သဘာဝအတိုင်း တောက်ပစေပြီး ဝက်ခြံတွေကို လျော့ပါးသက်သာစေအောင် ကူညီပေးပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • သပရိုသီး ၁ လုံး
  • ပျားရည် ၁ ဇွန်း
  • သန့်စင်တဲ့ ပန်းကန် ၁ လုံး

အသုံးပြုနည်းအဆင့်ဆင့်

Photo : Miss Wish

သန့်စင်တဲ့ ပန်းကန်လုံးတစ်ခုထဲကို လတ်ဆတ်တဲ့ သံပရိုသီးရည် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်နဲ့ ပျားရည်ကိုလည်း ဆတူ စားပွဲတင်ဇွန်း ၁ ဇွန်းရောထည့် ပေးရပါမယ်။ ထို့နောက် သေချာသမသွားအောင် ရောမွှေပေးပါ။ ပြီးတဲ့အခါ မျက်နှာကို သုံးနေကျ မျက်နှာသစ်ဆေးနဲ့ ဆေးကြောသန့်စင်ပြီး သံပရိုရည်နဲ့ ပျားရည် အရောအနှောကို မျက်နှာနဲ့ လည်ပင်းအနှံ့ လိမ်းပေးရမှာ ဖြစ်ပါတယ်။ ဂွမ်းစကိုအသုံးပြုပြီး လိမ်းတာက ပိုပြီးလွယ်ကူလျင်မြန်မှု ရှိစေမှာဖြစ်ပါတယ်။ ပြီးရင်တော့ ၁၅ – ၂၀ မိနစ်လောက် ထားလိုက်ပါ။ အချိန်စေ့ရင် ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။

သံပရိုရည်နဲ့ ပျားရည် ရောစပ်ကုထုံးဟာ အဆီပြန် တဲ့ အသားအရေပိုင်ရှင်တွေအတွက် အလွန်ရိုးရှင်းပြီး ထိရောက်တဲ့ ဝက်ခြံကုသနည်း တစ်ခုဖြစ်ပါတယ်။ ဝက်ခြံတွေကို ချက်ချင်းလျော့ပါးစေပြီး မျက်နှာကို ကြည်လင်ဝင်းပလာစေပါတယ်။ ဒါ့အပြင် ဒီကုထုံးက ဝက်ခြံအမာရွတ်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံတွေကို အထိရောက်ဆုံး ကာကွယ်ကုသပေးနိုင်ပြီး ဝက်ခြံ ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : LocalBH