လူတိုင်းမှာ အတိတ်ဆိုတာ ရှိပါတယ်။ လူတစ်ယောက်ချင်းစီပေါ် မူတည်ပြီး ကောင်းတဲ့အတိတ်တွေ ပိုင်ဆိုင်ခဲ့ဖူးသလို ကျရှုံးခဲ့ဖူးတဲ့ အတိတ်တွေ၊ ရင်မဆိုင်ချင်လောက်အောင်ဆိုးတဲ့ အတိတ်တွေလည်း ရှိခဲ့မှာပါ။ ဘယ်လိုအတိတ်မျိုးပဲ ဖြစ်ပါစေ၊ ကျွန်တော်တို့ ထိုအချိန်ကို ဖြတ်ကျော်လာခဲ့ပါပြီ။ အတိတ်ဆိုတာ လုံးဝ ပျောက်ကွယ်သွားအောင် မလုပ်နိုင်ပေမဲ့ အတိတ်မှာပဲ ထားခဲ့ရမဲ့အရာပါ။ ကောင်းတဲ့ အတိတ်တွေကိုတော့ ထွေးပွေ့ထားလို့ရပေမဲ့ သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကိုယ့်အတွက် နာကျင်စရာကောင်းတဲ့ အတိတ်ကိုတော့ ဆုပ်ကိုင်ထားလို့မရပါဘူး။ ထိုအပျက်သဘောဆောင်တဲ့ နာကျင်စရာ အတိတ်ဆိုးတွေကို ဆုပ်ကိုင်ထားတဲ့အခါ အပြုသဘောဆောင်တဲ့ အရာတစ်ခုဆီသို့ ဆက်သွားလို့မရပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အတိတ် တွေကို ငေးကြည့်ပြီး ထိုအထဲမှာပဲ နစ်မွန်းနေခြင်းက ကိုယ်ရဲ့ အနာဂတ် ကို ကျောခိုင်းထားတာနဲ့ အတူတူပါပဲ။

လက်ရှိကျွန်တော်တို့ရဲ့ ပစ္စုပ္ပန် လုပ်ဆောင်မှုများက ကျွန်တော်တို့ အနာဂတ်ကို ပုံဖော်ပေးနေတာပါ။ ပစ္စုပ္ပန်ကို လွဲချော်နေခြင်းက အနာဂတ်ကိုပါ လွဲချော်နေခြင်း ဖြစ်ပါတယ်။ အတိတ်မှာပဲ နစ်မွန်းနေခြင်းက ကိုယ့်ဆီကို ရောက်လာတဲ့ အခွင့်အရေးတွေ၊ အနာဂတ်အတွက် လုပ်ဆောင်စရာ ရှိတာတွေကို လက်လွှတ်ဆုံးရှုံးရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ အတိတ်ကနေ ရုန်းထွက်နိုင်ပြီး ရှေ့သို့ဆက်တတ်လှမ်းနိုင်ဖို့ အထောက်အကူ ဖြစ်စေမယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အတိတ်ကို လေ့လာပါ၊ သို့သော် ရုန်းထွက်ပါ

အတိတ် အနာဂတ်

Photo : InsideHook

မိတ်ဆွေတို့ရေ အတိတ်မှာ စီးပွားရေးတွေ ကျရှုံးခဲ့သလား၊ ကိုယ်ကြိုးစားသလောက် ဖြစ်မလာခဲ့တာတွေ ရှိပါသလား၊ ကိုယ့်အမှား သို့မဟုတ် တစ်ပါးသူ တစ်ဦးဦးရဲ့ အမှားကြောင့် ပျက်စီးခဲ့ရတွေ ရှိသလား၊ တန်ဖိုးထားရသူ တစ်ဦးဦးကို ဆုံးရှုံးခဲ့ရဖူးပါသလား၊ စတဲ့ အချက်တွေက လူတိုင်းကြုံတွေ့နိုင်တဲ့ အဖြစ်အပျက်တ္ပေပါပဲ။ မိတ်ဆွေ တစ်ယောက်တည်း မဟုတ်ပါဘူး။

ထို အပျက်သဘောဆောင်တဲ့ အရာတွေကို ကြုံတွေ့ရတဲ့အခါ မိတ်ဆွေတို့အနေနဲ့ နာကျင်မှု၊ ပင်ပန်းမှုတွေကို အပြည့်အဝခံစားလိုက်ပါ။ သို့သော် ထိုအထဲမှာပဲ ပိတ်မိမနေပါနဲ့။ အတိတ်ကို ပြန်လည်သုံးသပ်ရန် အချိန်အနည်းငယ်ယူပြီး မိမိဘက်က ပြုပြင်သင့်တာတွေ လေ့လာပါ။ ထို့နောက် သင်ခန်းစာယူပြီး ထိုအထဲက ရုန်းထွက်နိုင်ဖို့ ကြိုးစားပါ။

(၂) ခံစားချက်တွေကို ဝေမျှပါ

အတိတ် အနာဂတ်

Photo : Banyan Treatment Center

အတိတ် ကနေရုန်းထွက်ပြီး အနာဂတ် ကို ဆက်လျှောက်ဖို့ ကူညီပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းကောင်း တစ်ခုကတော့ မိတ်ဆွေတို့ ခံစားချက်တွေ မျိုသိပ်မထားဘဲ ဝေမျှလိုက်တာပါပဲ။ ကိုယ်ရုန်းမထွက်နိုင်တဲ့ အတိတ်က အကြောင်းအရာတွေကို မိသားစုဝင်တွေ၊ ချစ်ခင်ရသူတွေ၊ သူငယ်ချင်းတွေကို ဖွင့်ဟလိုက်ပါ။ ဒီလို ခံစားချက်များကို ဖော်ပြလိုက်ခြင်းက စိတ်ကို ပေါ့ပါးစေသည်သာမက ကိုယ်ရှေ့ဆက်လုပ်ရမဲ့ အရာတွေကိုလည်း တွေ့မြင်လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ချစ်ခင်ရသူတွေရဲ့ ဖေးမမှုနဲ့ အကြံဉာဏ်ကောင်းများလည်း ရနိုင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ကိုယ့်ရဲ့အတိတ်နဲ့ ပတ်သတ်တဲ့ ခံစားချက်များကို ဝေမျှလိုက်တာက စိတ်ပိုင်းဆိုင်ရာ အတွက်သာမက ရုပ်ပိုင်းဆိုင်ရာ အတွက်ပါ ကောင်းကျိုးရှိစေပါတယ်။ အတိတ်ကို ဆုပ်ကိုင်ထားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်များက မိတ်ဆွေတို့ကို စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်းနှင့် သွေးတိုးခြင်းတို့ကို ဖြစ်စေတယ်လို့ The Anxiety and Phobia Workbook ကိုရေးသားသူ ဒေါက်တာ Edmund Bourne က သတိပေးထားပါတယ်။

(၃) အပြစ်တင်ခြင်းကို ရပ်လိုက်ပါ

အတိတ် အနာဂတ်

Photo : Inc. Magazine

အတိတ်မှာ မိတ်ဆွေတို့ ရင်ဆိုင်ခဲ့ရတဲ့ ကျရှုံးမှုတွေကို လက်မခံနိုင်ပဲ အခြားသူတစ်ဦးဦးကို ဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ် ဖြစ်စေ အပြစ်တင်နေခြင်းကို ရပ်တန့်လိုက်ပါ။ ပြီးဆုံးသွားတဲ့အရာအတွက် အပြစ်တင်ခြင်းက ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ အရာပါ။ ဒါ့အပြင် ရှေ့ဆက်လျှောက်ဖို့အတွက် အတားအဆီးဖြစ်စေပါတယ်။ ဒါကြောင့် မိမိကိုယ့်ကိုယ်ကိုရော၊ အခြားသူများကိုပါ အပြစ်တင်နေတာကို ရပ်တန့်လိုက်ပြီး အတိတ်ကို အရှိတရားအတိုင်း လက်ခံကာ သင်ခန်းစာယူပြီး ကြိုးစားရုန်းထပါ။

(၄) ပစ္စုပ္ပန်ကိုသာ အာရုံစိုက်ပါ

Photo : Pexels

အတိတ်ကို စွန့်လွှတ်ဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ ပစ္စုပ္ပန်တစ်ခုတည်းကိုသာ ရှေးရှုပြီး နေထိုင်ခြင်း ဖြစ်ပါတယ်။ အတိတ်ကိုပြန်တွေးပြီး အဆိုးမြင်စိတ်တွေနဲ့ ကုန်ဆုံးနေမယ့်အစား မိတ်ဆွေတို့ အနေနဲ့ တက်ကြွပြီး လက်ရှိအခိုက်အတန့်ကို ခံစားလိုက်ပါ။ ကိုယ်လုပ်ဆောင်စရာ ရှိတာများကို အကောင်းဆုံး လုပ်ဆောင်ပါ။ ကျွမ်းကျင်မှုအသစ်ကိုလေ့လာပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ချစ်ခင်ရသူတွေနဲ့ အချိန်ကုန်ဆုံးပါ။ ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်ပြီး လက်ရှိအခိုက်အတန့်အတွက် အကောင်းဆုံး အသက်ရှင်ပါ။ ထိုအခါ မိတ်ဆွေတို့အနေနဲ့ အနာဂတ်မှာ ကောင်းမွန်သော အခြေအနေတွေ ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။

(၅) အသစ်တွေကို ဖန်တီးပြီး အနာဂတ်ကို ဖော်ဆောင်ပါ

Photo : Vecteezy

အတိတ်က အပျက်သဘောဆောင်တဲ့ အမှတ်တရတွေ၊ ကျရှုံးမှုတွေကို အစားထိုးဖို့အတွက် အပြုသဘောဆောင်တဲ့ အမှတ်တရ အသစ်တွေ၊ အောင်မြင်မှုတွေနဲ့ အစားထိုးရမှာပါ။ အမှတ်တရကောင်းတွေ ဖန်တီးပါ။ အတိတ်က ကျရှုံးမှုတွေကနေ သင်ခန်းစားယူပြီး အောင်မြင်မှုနဲ့ အစားထိုးနိုင်ဖို့ အတွက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပါ။ အောင်မြင်ဖို့ ကြိုးစားနေတာ၊ အမှတ်တရ အသစ်တွေ ဖန်တီးပြီး လက်ရှိပစ္စုပ္ပန်မှာ‌ နေနေတာက အတိတ်မှာ နစ်မြှပ်နေတာထက် အများကြီး ပိုကောင်းပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်သော အနာဂတ်ကိုလည်း ဖော်ဆောင်ပြီးသား ဖြစ်စေပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ အချက်တွေက မိတ်ဆွေတို့ရဲ့ အတိတ်က ရုန်းထွက်နိုင်ပြီး ရှေ့ဆက်လျှောက်ဖို့ အထောက်အကူပြုမှာ အသေအချာပါပဲ။ ကိုယ့်ရဲ့ ဘဝအတွက် အတိတ်ကို လွှတ်ချလိုက်ပြီး အနာဂတ်ကို မျက်နှာမူလိုက်ပါ။

Featured Photo : Sky.com