လူတိုင်း အမှားနဲ့ ကင်းဖူးတဲ့သူ မရှိပါဘူး။ ကျွန်တော်တို့အားလုံးမှာ ပြန်လည်ကုစားပြီး နေ့ရက်တိုင်းကို ရှေ့ဆက်လျှောက်လှမ်းဖို့ ကြိုးစားနေရတဲ့ အတိတ်တစ်ခုတော့ အနည်းဆုံးရှိ ကြပါတယ်။ အတိတ်က အမှားတွေဆိုတာ နောင်တရနေဖို့ သပ်သပ်မဟုတ်ပဲ လက်ရှိ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေ ရရှိဖို့ သင်ယူရမှာ ဖြစ်ပါတယ်။ ဆက်ရှေ့ လျောက်လှမ်းရမယ့် ဘဝတစ်လျှောက်လုံးမှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ဖန်တီးနိုင်ဖို့ အတိတ် က အမှား တွေကို ကုစားနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးပါမယ်။

(၁) လက်ခံဖို့ ကြိုးစားပါ

Mistake

Photo : Nate Anglin

အတိတ် မှာဖြစ်ပျက်ခဲ့တဲ့ အမှား တွေကို ကုစားဖို့ နိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်းက အမှားတွေကို အသိအမှတ်ပြုပြီး လက်ခံနိုင်အောင် ကြိုးစားခြင်းပင် ဖြစ်ပါတယ်။ အမှားတွေ ရှိခဲ့ရင် အမှားကို အမှားအတိုင်း လက်ခံဖို့ ကြိုးစားလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ်အပါအဝင် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အပြစ်တင်ဖို့ မကြိုးစားပါနဲ့။ အမှန်တရားကို ဆုပ်ကိုင်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုတွေကို ခံစားခွင့်ပြုလိုက်တာဟာ အမှားတွေကို အကောင်းဆုံး လက်ခံတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

(၂) ပြန်လည် သုံးသပ်လေ့လာပါ

Mistake

Photo : AMCAT.com

အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အမှားတွေရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို နားလည်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ လိုပါတယ်။ အမှားတွေဆိုတာ ပြန်လည်လေ့လာဖို့အတွက် အခွင့်အရေးတစ်ခုပါ။ နောက်ထပ်တစ်ကြိမ် အခုလိုတစ်ထပ်တည်းကျတဲ့ အမှားမျိုး ထပ်မကျူးလွန်မိစေဖို့ ပြန်လည်လေ့လာခြင်းဖြင့် အမှားတွေကို ဝေဖန်ပိုင်းခြားသုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အမှားအမှန်ကို ခွဲခြားသိရှိနိုင်ပြီး အတွေ့အကြုံတွေကနေ ပိုမိုတန်ဖိုးရှိတဲ့ သင်ခန်းစာတွေကို သင်ယူနိုင်ပါလိမ့်မယ်။

(၃) တာဝန်ယူမှု တာဝန်ခံမှုရှိပါ

Mistake

Photo : LinkedIn

ကိုယ့်အမှားကို တာဝန်ယူမှု အပြည့်အဝရှိတာဟာ လူကြီးလူကောင်းဆန်တဲ့ အပြုအမူတစ်ခုပါပဲ။ လူတော်တော်များများက အမှား တွေလုပ်မိတဲ့အခါ ကိုယ့်အမှားအတွက် ရှောင်လွဲချင်ကြသလို အမှားတွေရဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း အခြားတစ်ယောက်ထံ ခေါင်းလွဲပေးချင်ကြပါတယ်။ ဒါဟာ အတိတ်က အမှားတွေကို ကုစားတဲ့ နည်းလမ်းမဟုတ်ပါဘူး။ အမှန်တကယ် အမှားတွေကို ကုစားချင်ရင် ကိုယ့်အမှားအတွက် ကိုယ်တိုင်အပြည့်အဝ တာဝန်ယူလိုစိတ်ကို ထားရှိရပါမယ်။ တောင်းပန်ဖို့လိုရင် စိတ်ရင်းမှန်နဲ့ တောင်းပန်ပါ။ တာဝန်ယူဖို့ လိုရင် အပြည့်အဝ တာဝန်ယူပါ။ တာဝန်ယူမှု တာဝန်ခံမှုဟာ ခွင့်လွှတ်ခြင်းကိုရဖို့ ၊ အမှားတွေကနေ လွန်မြောက်နိုင်ဖို့ အထိရောက်ဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တက်အောင် သင်ယူပါ

Mistake

Photo : Bureau of Internet Accessibility

Healing Process တစ်ခုမှာ ကိုယ့်ကိုယ်ကိုယ် ကြင်နာမှုနဲ့ နားလည်မှုရှိဖို့က အရေးကြီးဆုံး အဆင့်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားအားလုံးဟာ အမှားနဲ့မကင်းဘူးဆိုတာကို နားလည်လက်ခံထားပါ။ အတိတ် ကအမှားတစ်ခုဟာ အနာဂတ်ကို ဆုံးဖြတ်မပေးနိုင်ဘူးဆိုတာကို အသိအမှတ်ပြုပါ။ အတိတ်ကအမှားတွေကို ကုစားနေစဉ်အတွင်းမှာ မိမိကိုယ်ကို ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကြင်နာမှုရှိတဲ့ အလေ့အကျင့်တွေကို မွေးမြူတာဟာ အတိတ်နွံထဲက ရုန်းထွက်ဖို့ အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

Featured Photo : CIO