ကွီးတို့ရေ တစ်နေ့တာလုံး လှုပ်ရှားရုန်းကန်ပြီး ညဘက်အိပ်စက် အနားယူချိန်မှာတော့ ကောင်းစွာ အိပ်စက်အနားယူနိုင်ဖို့ အရေးကြီးပါတယ်။ ညဘက်မှာ ကောင်းစွာအိပ်ပျော်ခြင်းမရှိရင် နေ့ဘက်မှာလုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာကို သေချာလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ညဘက်မှာ ကောင်းစွာအိပ်မပျော်နိုင်တာ အကြောင်းအမျိုးမျိုး၊ ပြဿနာအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် များသောအားဖြင့် ကွီးတို့တစ်နေ့တာမှာကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ တချို့ကိစ္စတွေကို ကြိုတင်စိုးရိမ်ပူပန်ပြီး အတွေးလွန်နေလို့ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်နေတဲ့ အတွေးလွန်ခြင်း (Overthinking) ကိုတားဆီးနိုင်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) အိပ်ရာမဝင်ခင် တရားထိုင်ပါ

အိပ်စက်ခြင်းကို နှောင့်ယှက်နေတဲ့

Photo : Anahan Wellness

ညဘက်မှာ ကွီးတို့ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်နေတဲ့ စိတ်ပူပန်မှုတွေ အတွေးလွန်ခြင်းတွေကို တားဆီးနိုင်ဖို့ ပထမဆုံးနည်းလမ်းကတော့ အိပ်ရာမဝင်ခင် တရားထိုင်ခြင်းပါပဲ။ အရင်က ကွီးတို့ တရားမထိုင်ဖူးရင် စိတ်မပူပါနဲ့၊ တကယ်ကို လွယ်ပါတယ်။ ကွီးတို့ အိပ်ခါနီးရင် ဆိတ်ငြိမ်သော ပတ်ဝန်းကျင်နဲ့ အိပ်ရာပေါ်မှာ ဖြစ်စေ သက်တောင့်သက်သာ ထိုင်လိုက်ပါ။ မျက်လုံးကိုမှိတ်ပြီး အနားယူလိုက်ပါ။ ပြီးလျှင် အသက်ပြင်းပြင်းရှုပါ။

အရင်က တရားမထိုင်ဖူးရင် အသက်ပြင်းပြင်းရှုဖို့ ခက်ခဲနိုင်ပါတယ်။ ထို့နောက် အသက်ရှုသွင်း ရှုထုတ် ကိုပုံမှန်လုပ်ပြီး အာရုံစူးစိုက်မှုရှိပါစေ။ တရားထိုင်ခြင်း၏ သော့ချက်မှာ အသက်ရှုခြင်း ဝင်လေ ထွက်လေကို အာရုံစိုက်ရန်ဖြစ်ပါတယ်။ ဒါမှသာ အခြားအတွေးအာရုံများမဝင်ပဲ စိတ်တည်ငြိမ်လာမှာ ဖြစ်ပါတယ်။ တရားထိုင်ခြင်းက ကွီးတို့ရဲ့ စိတ်ထဲမှာ စွဲနေတဲ့ အတွေးတွေ စိုးရိမ်ပူပန်မှုတွေကို ဖယ်ရှားနိုင်ဖို့ အကူအညီ ပြုပါလိမ့်မယ်။ ဒါ့အပြင် အာရုံစူးစိုက်မှု အားကိုလည်း ပိုမိုကောင်းမွန်လာစေပါတယ်။

(၂) အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေ များများတွေးပါ

အိပ်စက်ခြင်းကို နှောင့်ယှက်နေတဲ့

Photo : Menback

ညဘက်တွင် အလွန်အမင်း တွေးတောနေသော စိတ်ကို ငြိမ်သွားစေမည့် နောက်ထပ် ကောင်းသောအရာတစ်ခုမှာ ကွီးတို့ကိုယ် ကွီးတို့ အပြုသဘောဆောင်သော အတွေးများနှင့် အစားထိုးရန်ဖြစ်ပါတယ်။ ထိုအခါ အိပ်ခါနီး အတွေးလွန်ပြီး စိုးရိမ်နေတာတွေကို အတော်အတန်လျော့ချပေးပါလိမ့်မယ်။ နောက် ကွီးတို့ကို အကြံပြုချက်တစ်ခုမှာ ကျေးဇူးတင်တဲ့ စာရင်းရေးပါ။

ဥပမာ ကွီးတို့တစ်နေ့တာမှာကြုံတွေ့ရတဲ့ သေးငယ်တဲ့ကိစ္စဖြစ်ပါစေ၊ ကျေးဇူးတင်ကြောင်း Diary ပုံစံမျိုးရေးပါ။ ဤသည်မှာ ပိုမိုကောင်းမွန် သော တွေးခေါ်မှုဆီသို့ ဦးတည်ကာ မလိုလားအပ်သော အတွေးများအစား ဘဝတွင် ပိုမိုအပြုသဘောဆောင်သော အရာများကို ပိုမိုအာရုံ ရောက်စေရန် နေ့တစ်နေ့တာမှာကြုံခဲ့ရသော ကောင်းတဲ့ကိစ္စလေးတွေကို အိပ်ရာမဝင်မီ ချရေးခြင်းဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကလည်း ကွီးတို့ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်နေတဲ့ အတွေးလွန်ခြင်း (Overthinking) ကိုတားဆီးနိုင်ဖို့ နည်းလမ်းကောင်းလေးဖြစ်ပါတယ်။

(၃) ခံစားချက်တွေကို ဝေမျှပါ

overthinking

Photo : Duncan Stephen

အကယ်၍ ကွီးတို့မှာ စိုးရိမ်ပူပန်မှု သို့မဟုတ် ပူလောင်တဲ့ အတွေးတွေ များနေတယ်ဆိုရင် အဲဒါတွေကို သူငယ်ချင်း ဒါမှမဟုတ် ချစ်ရသူတွေကို ပြောပြပါ၊ တိုင်ပင်ပါ။ ကွိးတိုရဲ့ တစ်နေ့တာအကြောင်း၊ ကွီးတို့ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်နေတဲ့ အတွေးလွန်တာတွေနဲ့ ပတ်သက်တဲ့ ပြဿနာမှန်သမျှကို ပြောပြပါ။ ကိစ္စအများစုတွင်၊ စိုးရိမ်ပူပန်မှုများအတွက် ဤကဲ့သို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းက ကွီးတို့ရဲ့ ပြဿနာကို ဖြေရှင်းဖို့ ထိရောက်ပါတယ်။

တစ်ယောက်ယောက်ကို ပြောပြလိုက်ခြင်းဖြင့် ကွီးတို့ စိုးရိမ်ပူပန်မှုတွေ အတွေးလွန်ခြင်းတွေကို ပြေလျော့စေပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ ခံစားချက်တွေကို ပြောပြမယ့်သူမရှိဘူးဆိုရင်၊ ဒါမဟုတ် ကွီးတို့ကိုယ်တိုင်က ပြောချင်စိတ် မရှိဘူး ဆိုရင် မှတ်စုစာအုပ်တစ်အုပ်ဝယ်ပြီး ကွီးတို့ရဲ့အတွင်းစိတ်ထဲက စိုးရိမ်ပူပန်နေတဲ့ အတွေးတွေကို ချရေးလိုက်တာမျိုးလည်း လုပ်လို့ရပါတယ်။

(၄) ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ပါ

overthinking

Photo : Runner’s World

ကွီးတို့ အနေနဲ့ အတွေးလွန်ခြင်းတွေ၊ စိတ်ပင်ပန်းမှုတွေကြောင့် ကောင်းကောင်း အိပ်စက်ဖို့ ခက်ခဲနေတယ်ဆိုရင် ကျန်းမာရေး ပြဿနာများပါ မက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများပါ ရှိလာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားမှု လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာကြံခိုင်မှု သာမက၊ စိတ်ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ တစ်နေ့တာမှာ အချိန်အနည်းငယ် ယူပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ကြည့်ပါ။

ကွီးတို့ လေ့ကျင့်ခန်းလုပ်ပြီး မောပန်းနေပါက ခန္ဓာကိုယ်သည် စွမ်းအင်ကုန်ခမ်းနေပြီး ‘အတွေးလွန်ခြင်း’ တွင် စွမ်းအင်ရှိမည်မဟုတ်ပါ။ ကိုယ်လက်လှုပ်ရှားမှုက အိပ်စက်ခြင်းကိုလည်း ကောင်းစွာ ထောက်ပံ့ပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် လေ့ကျင့်ခန်းလုပ်ခြင်းက ညဘက်တွင် အလွန်အမင်း တွေးတောခြင်း (Overthinking) ကို ရပ်တန့်ရန် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းလေးတွေကတော့ ကွီးတို့ရဲ့ အိပ်စက်ခြင်းကို နှောင့်ယှက်နေတဲ့ အတွေးလွန်ခြင်း (Overthinking) ကို တားဆီးဖို့ နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ထိုနည်းလမ်းလေးတွေကို လိုက်နာကျင့်သုံးကြည့်ခြင်းဖြင့် ကွီးတို့ရဲ့ အိပ်စက်ခါနီး အတွေးလွန်ခြင်း၊ စိုးရိမ်ပူပန်မှုတွေကို တားဆီးရာတွင် အထောက်အကူပြုပြီး ကောင်းစွာ အိပ်စက်အနားယူနိုင်မှာ ဖြစ်ပါတယ်။

Source : Declutter The Mind

Featured Photo : Inc