အထီးကျန်ခြင်းကို လူတိုင်းနည်းပါး ခံစားဖူးကြမှာပါ။ အထီးကျန်ခြင်းကို သက်သာစေဖို့ ချစ်ခင်ရသူများဝန်းရံနေခြင်းကတော့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ချစ်ရသူများနဲ့ အနားမှာ မရှိတဲ့အချိန် အထီးကျန်ခြင်းကို ရင်ဆိုင်ဖို့ နည်းလမ်းမျိုးစုံ အသုံးပြုလာပါတယ်။ ဒ့ါအပြင် အထီးကျန်နေသူများ၊ အသက်ကြီးသူများအနားမှာ အဖော်ပြုပေးနိုင်ဖို့ နည်းပညာ ဖြင့် သေးငယ်တဲ့ ကိရိယာလေးများကို တီထွင်ဖန်တီးထားမှုလည်း ရှိနေပါတယ်။ အထီးကျန်နေတဲ့ သူများနဲ့ FA ညိုကီ များကို အဖော်ပြုပေးမယ့် နည်းပညာမြင့် ဘုစုခရုလေးများကို ဆက်ပြီးလေ့လာကြည့်လိုက်ရအောင်။

Robotic Pets

အထီးကျန်နေတဲ့ ညိုကီ

Photo : iNews

သက်ရှိအိမ်မွေးတိရစ္ဆာန်လေးတွေက ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အများကြီး အထောက်အကူပြုပေးနိုင်တယ်ဆိုတာ သိပြီးသားဖြစ်ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သက်ရှိတိရစ္တာန်လေးတွေကို မွေးမြူဖို့ မဖြစ်နိုင်တဲ့အခါ နောက်တစ်နည်း အနေနဲ့ စက်ရုပ်အိမ်မွေးတိရစ္ဆာန်လေးများ ပြောင်းပြီးမွေးမြူလို့ရနေပါပြီ။ စျေးကွက်မှာ Robotic Pets အများအပြားရှိကြပြီး အများစုမှာ သက်ရှိ ခွေး သို့မဟုတ် ကြောင်များနဲ့ တူအောင်ဖန်တီးထားပါတယ်။ သို့သော်လည်း AI အိမ်မွေးတိရစ္ဆာန်စက်ရုပ်တွေက သက်ရှိတိရစ္ဆာန်လေးများကို အစားထိုးနိုင်မလားဆိုတဲ့ မေးခွန်းကလည်း ရှိနေပါ‌သေးတယ်။ သူတို့ထဲက တချို့က  ဆန်းပြားတဲ့ AI ဖြင့် ဖန်တီးထားပြီး တော်တော်လေး ကောင်းမွန်အောင် ပြုလုပ်ထားပေမယ့် ပြီးပြည့်စုံဖို့တော့ ဝေးပါသေးတယ်လို့ ဆိုပါတယ်။

Sony ရဲ့ Aibo စက်ရုပ်ခွေးကဲ့သို့သော အိမ်မွေးတိရစ္ဆာန်စက်ရုပ်အချို့က သက်ရှိအိမ်မွေးတိရစ္ဆာန်များရဲ့ လှုပ်ရှားမှုနှင့် အပြုအမူကို ပုံတူကူးပြီး တည်ဆောက်ထားပါတယ်။ Aibo ရဲ့ အမူအရာနှင့် လှုပ်ရှားမှုလေးများက အံ့သြဖွယ်ကောင်းလောက်အောင် အသက်ဝင်ပြီး လိုအပ်သောနွေးထွေးမှုနှင့် အဖော်ပြုမှုကို ပေးဆောင်နိုင်တယ် လို့ဆိုပါတယ်။ ဒါသည်လည်း နည်းပညာအနေနဲ့ လူသားများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ စွမ်းဆောင်မှုထဲက ပြယုဒ်တစ်ခု ဖြစ်ပါတယ်။

Hexa Robot Planter

အထီးကျန်နေတဲ့ ညိုကီ

Photo : House Beautiful

Vincross မှ Hexa စက်ရုပ်ကတော့ ၎င်းရဲ့ ဦးခေါင်းပေါ်မှာ အပင်စိုက်ဖို့ အဓိက ဖန်တီးတီထွင်ထားပြီး လိုအပ်သည့်အချိန်တွင် နေရောင်ခြည် ရရှိရန် သို့မဟုတ် အရိပ်ထဲသို့ ပြန်သွားဖို့ ကိုယ်တိုင် လှုပ်ရှားနိုင်ပါတယ်။ နေရောင်အောက်တွင်ရှိနေစဉ်၊ စက်ရုပ်ကလေး Hexa ရဲ့ ဦးခေါင်းက သစ်ရွက်တစ်ရွက်ချင်းစီကို နေရောင်ခြည်စုပ်ယူနိုင်ရန် ၃၆၀ ဒီဂရီ အပြည့်လှည့်နိုင်ပါတယ်။ အပင်ရေလောင်းချိန်တွင် သင့်အာရုံကိုဖမ်းစားရန် ချစ်စရာ “Rain Dance” လေးကို ကပြပါလိမ့်မယ်။

၎င်းရဲ့ သွက်လက်သော ခြေထောက်ခြောက်ချောင်းကို အသုံးပြုပြီး Hexa သည် မည်သည့် ဦးတည်ရာကို မဆို ရွေ့လျားနိုင်ပါတယ်။ ၎င်းကို ပတ်ဝန်းကျင်အား သိရှိနားလည်နိုင်စေရန် ရောင်ခြည်အာရုံခံကိရိယာများ၊ အကွာအဝေးအာရုံခံကိရိယာများနှင့် ကြည်လင်ပြတ်သားမှုမြင့်မားသော ညမြင်ကွင်းကင်မရာတို့ကို အသုံးပြုပြီး တီထွင်ဖန်တီးထားပါတယ်။ မိတ်ဆွေတို့ ဆီမှာရွေ့လျားနေတဲ့ ချစ်စရာအပင်လေး တစ်ပင်ရှိတယ်ဆိုပါတော့၊ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်ပါတယ်။

Smart Speakers

Photo : Gizbot

အခုအခါ အသုံးများလာတဲ့  Alexa ကဲ့သို့ Smart Speakers လေးတွေကလည်း အထီးကျန်နေဲ့ ညိုကီတို့အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပါတယ်။ အလုပ်လုပ်နေရင်း ဖြစ်စေ၊ ကိုယ်တစ်ယောက်တည်း ရှိနေချိန် အထီးကျန်ခံစားနေရချိန်မှာ စကားပြောဖော် ဖြစ်ပေးနိုင်ပါတယ်။ ၎င်းတို့ကို သတင်းအပ်ဒိတ်များ၊ မိုးလေဝသခန့်မှန်းချက်များ သို့မဟုတ် ကျပန်းအချက်အလက်များကို မေးမြန်းနိုင်ပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူ စကားပြောရတာမျိုးနဲ့ မတူနိုင်သော်လည်းပဲ အနည်းဆုံး တစ်ယောက်ယောက်က စကားပြောနေသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် တရားထိုင်ခြင်း၊ တေးဂီတများ နားထောင်ခြင်း၊ ရိုးရိုးရှင်းရှင်းစာဖတ်ခြင်းတို့ကို ကူညီပေးနိုင်ပါတယ်။ ဒီကောင်လေးတွေကလည်း ညိုကီတို့ကို အဖော်ပြုပေးနိုင်မယ့် အဖော်ကောင်းလေးတွေ ဖြစ်လာနိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ အထီးကျန်နေတဲ့ ညိုကီ များကို နည်းပညာနဲ့ အဖော်ပြုပေးနိုင်မယ့် ဘုစုဂရုလေးတွေပဲ ဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဒီလို စက်ပစ္စည်းလေးတွေဟာ နည်းပညာဖြင့် လူသားများအပေါ် ကောင်းမွန်တဲ့ သက်ရောက်မှု တစ်ခုပင် မဟုတ်ပါလား။

Source : Make Use Of

Featured Photo : Daraz