အသက် (၃၆)အရွယ် ရှိနေပြီဖြစ်တဲ့ GOAT ကြီး လီယွန်နယ် မက်ဆီက လက်ရှိမှာ သူ လုပ်ဆောင်နေတဲ့ အရာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက် လုပ်ဆောင်သွားချင်နေပြီး ဘောလုံးသမားဘဝကနေ အနားယူသွားမယ့် အကြောင်းတွေကိုတော့ မစဉ်းစားသေးချင်သေးဘူးလို့ Olga Live အစီအစဉ်ရဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

messi inter maimi

Photo Credit : The Ringer

အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ပြီးတဲ့နောက် သူနေမပျော်တော့တဲ့ ပီအက်စ်ဂျီနဲ့ ဥရောပ ဘောလုံးနယ်ပယ်ကို စွန့်ခွာပြီး မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့ထားခဲ့တဲ့ မက်ဆီဟာ မိုင်ယာမီမှာ ပျော်ရွှင်နေသလို ခြေစွမ်းကောင်းတွေ ပြသလျက် ရှိနေတဲ့အပြင် အာဂျင်တီးနားအသင်းအတွက်ကိုလည်း အခုချိန်အထိ အကောင်းဆုံး စွမ်းဆောင်ပေးလျက် ရှိနေပါတယ်။

leo messi argentia

Photo Credit : Goal

ဒီလို စွမ်းဆောင်မှုတွေ ပြသနိုင်သေးတဲ့ မက်ဆီကို သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အနားယူဖို့ အကြောင်းတွေ မေးမြန်းလာချိန်မှာတော့ မက်ဆီက “အနားယူမယ့် အကြောင်းကို ကျွန်တော် မစဉ်းစားခဲ့ဖူးသလို စဉ်းလည်း မစဉ်းစားချင်ပါဘူး။ ကိုယ်လုပ်နေတဲ့ အရာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဆက်လုပ်သွားချင်ပါတယ်။ ဥရောပကနေ ထွက်ခွာပြီးတဲ့နောက်မှာ ကျွန်တော် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကို လှမ်းခဲ့တယ်။ နောက်ထပ် ခြေလှမ်းအကြောင်းကို ကျွန်တော် ထပ်ပြီး မတွေးထားချင်ဘူး။ ကျွန်တော် အနှစ်သက်ဆုံးဖြစ်တဲ့ ဘောလုံးကစားနေရခြင်းကိုပဲ ခံစားသက်ဝင်နေပါတယ်။ ဒါက ကျွန်တော်ရဲ့ အမြတ်နိုးဆုံး အလုပ်ပါပဲ။”

leo

Photo Credit : Architectural Digest

“ဘောလုံးသမားဘဝကနေ အနားယူလိုက်ချိန်မှာ ဘာတွေ ဆက်လုပ်ဖြစ်မလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ ဘောလုံးနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ကျွန်တော် သဘောကျပါတယ်။ ကလေးတွေကို သင်ကြားပေးရတာရော အားကစား ဒါရိုက်တာ လုပ်ရတာရော သဘောကျတယ်။ ဒါပေမယ့် ဒါတွေကို ဘယ်မှာ လုပ်ဖြစ်မလဲဆိုတာတော့ မသိသေးပါဘူး။” လို့ ဖြေဆိုသွားခဲ့ပါတယ်။ မက်ဆီက အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲဖို့ အခြေအနေ အရမ်းနည်းနေပေမယ့်လည်း လာမယ့်နှစ် ကိုပါအမေရိက ပြိုင်ပွဲမှာတော့ အာဂျင်တီးနားအတွက် ပါဝင် ကစားပေးဖို့ကတော့ သေချာသလောက်ကို ရှိနေပါတယ်။

Featured Photo : Marca