နယူးကာဆယ် ယူနိုက်တက်အသင်းရဲ့ ဂိုးသမား နစ်ပုတ် ဟာ မနေ့ညက လီဗာပူးလ်အသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်ရိုက် အနီကတ် ပြသခံခဲ့ရတာကြောင့် နယူးကာဆယ်ရဲ့ ရှေ့လာမဲ့ ပွဲစဉ်တွေကို လွဲချော်ရတော့မှာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမဲ့ လိဂ်ဖလား ဖိုင်နယ်ပွဲကိုပါ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်သွားရပါတော့မယ်။

Nick Pope

Photo Credit : The Times

အင်္ဂလန် လက်ရွေးစင် ဂိုးသမား နစ်ပုတ် ဟာ ဒီနှစ် ဘောလုံးရာသီမှာ နယူးကာဆယ်အသင်းအတွက် အကောင်းဆုံးသော လက်စွမ်းတွေကို ပြသလို့ထားပြီး ပရီးမီးယားလိဂ် (၂၃)ပွဲမှာ (၁၂)ပွဲအထိ Clean Sheets ရယူပေးထားနိုင်သလို ဂိုးဝင်နိုင်မယ့် ကန်ချက်တွေကို ရှင်းထုတ်နိုင်မှုမှာလည်း (၂၄)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ နယူးကာဆယ်အတွက် (၁၅)ဂိုး ခွင့်ပြုပေးထားရသေးတဲ့ နစ်ပုတ်ဟာ မနေ့ညက လီဗာပူးလ်နဲ့ ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲချိန်အစောပိုင်းမှာပဲ တိုက်ရိုက် အနီကတ် ပြသခံရလိုက်ရတာကြောင့် လာမဲ့ ပွဲစဉ်(၃)ပွဲကို လွဲချော်ရပါတော့မယ်။

Pope

Photo Credit : Sky Sports

နစ်ပုတ် ပထမဆုံး လွဲချော်ရမဲ့ပွဲက နယူးကာဆယ်အတွက် အလွန်ကို အရေးပါလှတဲ့ လိဂ်ဖလား ဗိုလ်လုပွဲ ဖြစ်နေပြီး မန်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ နယူးကာဆယ်က ဒီရာသီမှာ ဥရောပဝင်ခွင့် တစ်နေရာစာအပြင် ဆုဖလား မျှော်လင့်ချက်ပါ ရှိနေချိန် နစ်ပုတ်လို အသင်းအတွက် အတော်လေး အရေးကြီးတဲ့ ကစားသမားတစ်ဦးကို ဖိုင်နယ်ပွဲထဲ ထည့်မသုံးရတော့တာက ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်တဲ့အပြင် ဒုတိယ ဦးစားပေး ဂိုးသမား ဒူဗရက်ကာဟာလည်း ဒီရာသီအစတုန်းက မန်ယူနိုက်တက်မှာ အငှား သွားရောက်ခဲ့ရင်းနဲ့ လိဂ်ဖလားပွဲတချို့ ကစားထားခဲ့လို့ cup-tied မိနေရတဲ့အတွက် တတိယ ဦးစားပေးဖြစ်သူ ကာရီးယပ်စ်ကိုသာ အသုံးပြုရတော့မှာပဲ ဖြစ်ပါတယ်။

Nick Pope Red Card

Photo Credit : talkSPORT

အခုလို အနီကတ် ပြစ်ဒဏ်ထိသွားခဲ့ရသူ ဘန်လေ ဂိုးသမားဟောင်း နစ်ပုတ် ဟာ ဒီရာသီမှာ လီဗာပူးလ်နဲ့ ကစားထားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲ(၂)ပွဲနဲ့ မန်စီးတီးနဲ့ ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာသာ (၂)ဂိုးနဲ့အထက် ခွင့်ပြုထားခဲ့ရတာဖြစ်ပြီး ကျန်တဲ့ပွဲတွေမှာတော့ အမြင့်ဆုံး (၁)ဂိုးသာ ပေးထားခဲ့ရသလို ဂိုးမပေးထားရတဲ့ ပွဲစဉ်တွေဟာလည်း (၁၂)ပွဲအထိ ရှိထားခဲ့ရပါတယ်။

Featured Photo : Stretty News