လီဗာပူးလ် အသင်းရဲ့ အိမ်ကွင်း အန်ဖီးလ် ဆိုတာ ပြိုင်ဘက် ကလပ်အသင်းတိုင်းအတွက် တကယ့်ကို အိမ်မက်ဆိုးတွေ မက်စေနိုင်တဲ့ နေရာ။ အန်ဖီးလ်ဆိုတာ လီဗာပူးလ်အတွက် အောင်မြေတစ်ခု။ ဒီကွင်းမှာ ဒီအသင်းကို အနိုင်ယူဖို့ ဆိုတာက မလွယ်ပါဘူး။ ဒါပေမယ့် အခုတော့ အန်ဖီးလ်မှာ လီဗာပူးလ်ကို တစ်ကြိမ်မှ မနိုင်ခဲ့ဖူးသေးတဲ့ နော်တင်ဟမ် ဖောရက်စ်က အိုဒွိုင်းရဲ့ သွင်းဂိုးနဲ့ လီဗာပူးလ်ကို အန်ဖီးလ်မှာ ပြန်တီးသွားခဲ့ပါတယ်။

arne slot

Photo Credit: BBC

နည်းပြသစ် အာနာ ဆလော့ရဲ့ လီဗာပူးလ် အသင်းက အခု ဘောလုံးရာသီအစပိုင်းမှာ ဘယ်သူမှ မထင်ထားလောက်အောင် ဟန်ချက်ညီလွန်းနေပြီး (၃)ပွဲ ကစားထားပြီးချိန် (၃)ပွဲလုံး ရာနှုန်းပြည့် အနိုင်ရခဲ့တဲ့အပြင် ခံစစ်ကလည်း ပေးဂိုးတစ်ဂိုးမှ မရှိအောင်ပါ ကစားထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ နည်းပြ ဆလော့ကို သြဂုတ်လရဲ့ တစ်လတာ အကောင်းဆုံး ပရီးမီးယားလိဂ် နည်းပြဆုကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် ဘရိုက်တန် နည်းပြ ဟူဇလာကသာ ရရှိသွားခဲ့ပါတယ်။ အခုလို တစ်လတာ နည်းပြဆုနဲ့ လွဲချော်ခဲ့တဲ့ ဆလော့ဟာ အခုလည်း သူရဲ့ လီဗာပူးလ် နည်းပြဘဝ ပထမဆုံးသော ရှုုံးပွဲကိုပါ ကြုံတွေ့လိုက်ရပါတယ်။

liverpool

Photo Credit: Hotstar

တကယ်တော့ လီဗာပူးလ်က အစ်ဝစ်ချ် ဘရန့်ဖို့ဒ် မန်ယူနိုက်တက်တို့ကို အနိုင်ယူပြီး အရှိန်ကောင်းနေချိန်မှာပဲ နိုင်ငံတကာပွဲတွေ ဝင်လာတာက လီဗာပူးလ် အတွက် အရှိန်တန့်သွားစေခဲ့ရပါတယ်။ နောက်ပြီး နော်တင်ဟမ်ကလည်း အခုပွဲမှာ လီဗာပူးလ်ကို အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး ခံစစ်ပိုင်း ကျစ်ကျစ်လစ်လစ်နဲ့ ကောင်တာတိုက်စစ် ကစားပုံတို့က ထိရောက်မှု ရှိခဲ့ပါတယ်။ ဒီပွဲမှာ မိုဆာလာရဲ့ ခြေမပေါ်တာရော ဒုတိယပိုင်းမှာ ဒီးယက်ဇ် ဂျိုတာ မက်အယ်လစ္စတာတို့ကို အနားပေးလိုက်တာကလည်း ဒီပွဲအတွက် အလှည့်အပြောင်း ဖြစ်သွားတယ်လို့ ဆိုရပါမယ်။

andy and darwin

Photo Credit: Hotstar

နော်တင်ဟမ်ဘက်ကလည်း ဒုတိယပိုင်းမှ လူစားဝင်လာတဲ့ အီလန်ဂါ ၊ အိုဒွိုင်းတို့ကလည်း အသင်းအတွက် အတော်လေးကို အကျိုးပြုပေးနိုင်ခဲ့ပါတယ်။ ဒီကစားသမား (၂)ဦးရဲ့ အချိတ်အဆက်ကနေပဲ အိုဒွိုင်းက နော်တင်ဟမ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဒီဂိုးက လီဗာပူးလ် အတွက် ဒီရာသီထဲ ပထမဆုံး ခွင့်ပြုခဲ့ရတဲ့ ပေးဂိုး ဖြစ်သလို အဲ့ဒီဂိုးကြောင့်ပဲ အိမ်ကွင်း အန်ဖီးလ်မှာ ရှုံးပွဲကြုံခဲ့ရပါတယ်။

Featured Photo: The Anfield Warp