အပြဲစတိုင် Jeans ဘောင်းဘီတွေက လူငယ်ဆန်တယ် ၊ ဖက်ရှင်ကျတယ် ၊ လွတ်လပ်ပေါ့ပါးမှု အပြည့်ရှိတယ်။ လူတိုင်းနဲ့ ကြည့်ကောင်းတဲ့ ဖက်ရှင်စတိုင် တစ်ခုဆိုလည်း မမှားဘူး။ ယောကျာ်းလေးတိုင်းကြိုက်တဲ့ ဖက်ရှင်တစ်ခု ဖြစ်သလိုဟိုနားဒီနား ထသွားထလာပဲ ဝတ်ဝတ် ၊ ခရီးသွားတဲ့အချိန်မှာပဲ ဝတ်ဝတ် အဆင်ပြေတဲ့ ဘောင်းဘီစတိုင်တစ်မျိုး ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ အပြဲစတိုင်Jeans ဘောင်းဘီတွေ အလွယ်တကူ ဝယ်လို့ရပေမယ့် ကိုယ့် စိတ်ကြိုက် အပြဲစတိုင် Jeans ဘောင်းဘီတစ်ထည် ဖန်တီးဝတ်ဆင်ချင်တဲ့ ကွီးတို့အတွက် DIY နည်းလမ်း အဆင့်ဆင့်ကို ပြောပြပေးချင်ပါတယ်။

Photo : Meghan Smolka

လိုအပ်တဲ့ပစ္စည်းများ

  • DIY ပြုလုပ်မယ့် အကြိုက်ဆုံး ဂျင်းဘောင်းဘီ ၁ ထည်
  • ခဲတံ သို့မဟုတ် မြေဖြူ ၁ ချောင်း
  • ကတ်ကြေး ၁ လက်
  • ကော်ဖတ် အနုစား ၁ ရွက်
  • ဇာဂနာ ၁ ချောင်း

Photo : Meghan Smolka

အပြဲစတိုင် Jeans ဘောင်းဘီ ပြုလုပ်နည်း အဆင့်ဆင့်

အရင်ဆုံး ဘောင်းဘီပေါ်က ဖြဲချင်တဲ့နေရာကို ခဲတံ သို့မဟုတ် မြေဖြူနဲ့ အမှတ်အသား ပြုလုပ်ပါ။ ပြီးရင် အမှတ်အသား ပြုလုပ်ထားတဲ့နေရာကို ကတ်ကြေးနဲ့ ညှပ်ပေးရပါမယ်။ ကတ်ကြေးနဲ့ ညှပ်ထားတဲ့နေရာကို ကော်ဖတ်အနုစားနဲ့ ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။ ကော်ဖတ်တိုက်တဲ့အခါ ဘောင်းဘီအသားအောက်က သစ်သားတုံး သို့မဟုတ် မာကြောတဲ့ အရာတစ်ခုခု ခံပြီးမှ ပွတ်တိုက်ပေးဖို့ အကြံပြုချင်ပါတယ်။ ဒါဆိုရင် ဘောင်းဘီအသားက လိုသလို စုတ်ဖြဲရ လွယ်ကူသွားစေမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကတ်ကြေးရဲ့အသွားနဲ့ ဘောင်းဘီရဲ့ အပေါ်ယံကို ခပ်ဖွဖွပွတ်ဆွဲပြီး စုတ်ဖြဲပေးပါ။ အပေါက်အကျယ်ကြီး ဖြစ်မသွားစေဖို့ ဂရုစိုက်ပေးရပါမယ်။ ပြီးရင်တော့ သဘာဝကျကျ အပြဲဒီဇိုင်းလေးဖြစ်စေဖို့ ဇာဂနာနဲ့ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ချည်မျှင်တချို့ကို ဆွဲထုတ်ပေးရပါမယ်။ ဒါဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ DIY အပြဲစတိုင် Jeans ဘောင်းဘီလေးတစ်ထည် ရပြီဖြစ်ပါတယ်။

Featured Photo : GearHungry