ချယ်လ်ဆီး အသင်းရဲ့ ရာသီကြို အမေရိကန် ခရီးစဉ်ကြီးကတော့ ဒီနေ့ မနက်ခင်းမှာပဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ စုစုပေါင်း ပွဲ(၅)ပွဲအထိ ယှဉ်ပြိုင်ခဲ့ရာမှာ (၃)ပွဲနိုင် (၂)ပွဲသရေကျခဲ့ပြီး လုံးဝ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပြသွားနိုင်ခဲ့သလို ကစားသမားသစ်တွေနဲ့ လူငယ် ကစားသမားလေးတွေလည်း စွမ်းဆောင်ရည်တချို့ကို ထုတ်ဖော် ပြသနိုင်ခဲ့ကြပါတယ်။
Photo Credit : Sky Sports
ချယ်လ်ဆီး အသင်းက ဒီရာသီအတွက် စပါး ပီအက်စ်ဂျီတို့ရဲ့ နည်းပြဟောင်းဖြစ်သူ ပိုချက်တီနိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ထားခဲ့ပြီး အသင်းကနေလည်း ကစားသမား အများအပြားကို ရောင်းထုတ်ပြီး အသင်းကို ပြန်လည် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပိုချက်တီနို လက်ထက်မှာတော့ ချယ်လ်ဆီးဟာ မနှစ်က ဘောလုံးရာသီထက် ပိုပြီး sharp ဖြစ်လာခဲ့သလို တိုက်စစ်ကနေလည်း ဂိုးတွေ ပိုမို သွင်းယူလာနိုင်ခဲ့ပါတယ်။ အခု အမေရိကန်မှာ ကစားခဲ့တဲ့ (၅)ပွဲအတွင်း ချယ်လ်ဆီးတို့ ပွဲတိုင်း ဂိုးသွင်းယူနိုင်ခဲ့ပြီး (၁၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit : ESPN
ချယ်လ်ဆီး အသင်းက အမေရိကန် ခရီးစဉ်အတွင်း ခရီးစဉ်အစ နဲ့ အဆုံးသတ်တွေမှာ ရိုးရိုး ခြေစမ်းပွဲအဖြစ် ရင်ဆိုင်ခဲ့တာဖြစ်ပြီး ကြားက (၃)ပွဲကိုတော့ အမေရိကန်မှာ ပထမဆုံး ကျင်းပတဲ့ PL Summer Series ဖိတ်ခေါ်ဖလားပွဲတွေအဖြစ် ဆင်နွဲခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဝရက်ဇ်ဟမ်းနဲ့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးက (၅)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပြီး PL Summer Series မှာတော့ ဘရိုက်တန် ဖူလ်ဟမ်တို့ အနိုင်ရရှိကာ နယူးကာဆယ်ကို တစ်ဂိုးစီ သရေ ကစားခဲ့ရင်းနဲ့ ဖိတ်ခေါ်ဖလားပွဲမှာ ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ရပါတယ်။
Photo Credit : The Times
ဒီနေ့မှာလည်း ချယ်လ်ဆီးက အမေရိကန် ခရီးစဉ်ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရင်း ပွဲချိန် မိနစ်(၈၀)မှာ ဒေါ့မွန်က ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ပွဲပြီးခါနီးမှာပဲ ချယ်လ်ဆီး တို့ ချေပဂိုး ပြန်သွင်းယူပြီး သရေပွဲနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်။ လက်ရှိမှာ စတာလင် တစ်ဦးတည်းလောက်သာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး အန်ကွန်ကူ ဂျက်ဆင်တို့လို ကစားသမားသစ်တွေအပြင် လူငယ် ကစားသမားလေးတွေကလည်း ချယ်လ်ဆီးအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတာမို့ ချယ်လ်ဆီး ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာ အမေရိကန် ခရီးစဉ်လေး ဖြစ်ခဲ့ရပါတယ်။
Featured Photo : Goal