ကမ္ဘာပေါ်မှာ ဘယ်သူ ဩဇာအကြီးဆုံး နိုင်ငံရေးခေါင်းဆောင်လဲလို့ မေးရင် အမေရိကန်သမ္မတကိုပဲ လက်ညှိုးထိုးပြကြမှာပါ။ အမေရိကန်ဆိုတာ ကမ္ဘာ့စူပါပါဝါ နိုင်ငံကြီးဖြစ်သလို ကမ္ဘာ့အရေးအခင်းကြီးတွေနဲ့ အခြေအနေ အရပ်ရပ်မှာ ထိပ်ဆုံးက နေရာပေးရတဲ့ အင်အားကြီးနိုင်ငံပဲ မဟုတ်လား။ ဒီလို နိုင်ငံကို အုပ်ချုပ်ခေါင်းဆောင်တဲ့ အကြီးဆုံးပုဂ္ဂိုလ်ဟာ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးလို့ ပြောရင်လည်း မမှားပါဘူး။ လက်ရှိ အမေရိကန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်ဖြစ်တဲ့ အမေရိကန် သမ္မတ က ဂျိုးဘိုင်ဒင် ပါ။

၄၆ ဆက်မြောက် အမေရိကန်သမ္မတ ဂျိုးဆက်ပ် ရောဘင်နက်တီ ဘိုင်ဒင် ဂျူနီယာ (Joseph Robinette Biden Jr.) ကို ပင်န်ဆီဗေးနီးယားပြည်နယ်မှာ ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဂျိုးဆက်ပ် ဘိုင်ဒင် ဆီနီယာဟာ ပြင်သစ် ၊ အင်္ဂလန် နဲ့ အိုင်းရစ်သွေးပါသူပါ။ ဘိုင်ဒင်ဟာ မိသားစုထဲမှာ သားအကြီးဆုံး ဖြစ်ပြီး သူ့နောက်မှာ ညီမတစ်ယောက် ညီအစ်ကို ၂ ယောက်တို့ ရှိပါတယ်။

Joe Biden Speech

Photo : fox business

ဂျိုးဘိုင်ဒင် တို့ မိဘတွေဟာ အစက ချမ်းသာကြွယ်ဝရာကနေ ဘိုင်ဒင်မွေးပြီးနောက် ငွေကြေးအခက်အခဲကြုံပြီး ကျပ်တည်းသွားခဲ့ကြပါတယ်။ ဘိုင်ဒင်တို့ မိသားစုဟာ အဖိုးအဖွားတွေဆီမှာ နှစ်အတော်ကြာ သွားနေခဲ့ရတဲ့ဘဝ ရောက်ခဲ့ကြပါတယ်။ အရွယ်ရောက်လာတဲ့ ဘိုင်ဒင်ဟာ ဥပဒေလုပ်ငန်းတစ်ခုမှာ အလုပ်စဝင်ခဲ့ရာကနေ နိုင်ငံရေးဘက်ကို ရောက်လာခဲ့တာပါ။ ၁၉၇၀ မှာ သူဟာ Democratic Party အဖွဲ့ဝင် ဖြစ်ခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ လွှတ်တော်အမတ်နေရာ ဝင်ပြိုင်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်မှာ သူဟာ အမေရိကန်နိုင်ငံရေးသမိုင်းမှာ အငယ်ဆုံး ရွေးကောက်ခံလွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။ လွှတ်တော်အမတ်ဘဝ အစမှာ အခက်အခဲတွေ တင်းကြမ်းပြည့်နှက်ခဲ့ပေမယ့် သူ့ရဲ့ နိုင်ငံရေးဝတ္တရားကျေပွန်မှုတွေကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှု ရရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဘားရက်အိုဘားမား အမေရိကန်သမ္မတဖြစ်လာပြီးနောက် ဘိုင်ဒင်ဟာ ကမ္ဘာ့စီးပွားရေးပျက်ကွက်အတွင်း အမေရိကန်စီးပွားရေးတည်ငြိမ်စေရေးအတွက် သမ္မတအိုဘားမားရဲ့ စီမံကိန်းတွေမှာ ထိန်းကျောင်းကူညီခဲ့ပါတယ်။

အိုဘားမားနဲ့အတူ ဘိုင်ဒင် လည်း ပြည်သူပြည်သားတွေအကြားမှာ လူကြိုက်များလာခဲ့ပါတယ်။ အိုဘားမားရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်းမှာ ဘိုင်ဒင်ဟာ ဒေသတွင်း ပစ်ခတ်အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့ Gun Violence Task Force ကို ဦးဆောင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၉ မှာ သူဟာ Democratic Party ရဲ့ ၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ကို အနိုင်ရခဲ့ပြီး ၂၀၂၁ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ဆက်မြောက် သမ္မတအဖြစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၉ သန် (မြန်မာငွေ သန်း ၁၈၀၀၀ ) ခန့်ရှိမယ်လို့ Wealthy Gorilla ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ ဘိုင်ဒင်ဟာ အိမ်ခြံမြေ နဲ့ ကားဝါသနာအိုးဖြစ်ပြီး Corvette ကားတွေ အများကြီး စုဆောင်းထားသူလို့ ဆိုပါတယ်။

Joe-Biden

Photo : go banking rates

ဘိုင်ဒင် ဝယ်ပြီး စုဆောင်းထားတဲ့ ကားတွေထဲမှာ ဒေါ်လာ ၇ သောင်းခွဲ ( မြန်မာငွေ သိန်း ၁၅၀၀ ခန့်) တန် 1967 Corvette Convertible ကား ၊ ဒေါ်လာ ၇၂၀၀၀ ကျော် ( မြန်မာငွေ သိန်း ၁၄၅၀ ကျော်) တန် The Corvette GS ကား ၊ ဒေါ်လာ ၇ သောင်း ( မြန်မာငွေ သိန်း ၁၄၀၀ ခန့် ) တန် GMC Yukon ကားနဲ့ ဒေါ်လာ ၄၈၆၀၀ ကျော် ( မြန်မာငွေ သိန်း၁၀၀၀ နီးပါး ) တန် Cadillac Limousine တို့လို တန်ဖိုးကြီး ကားတွေ အများကြီး ရှိတယ်လို့လည်း သိရပါတယ်။

အိမ်ခြံမြေအနေနဲ့ ဒီလာဝဲလ်မြို့ Greenville မှာ ၁၉၉၆ ခုနှစ်က ဒေါ်လာ ၃ သိန်းခွဲ ( မြန်မာငွေ သိန်း ၇၀၀၀ ခန့် ) တန် အိမ်တစ်လုံး ဝယ်ထားခဲ့ပါတယ်။ အခုခေတ် တန်ဖိုးနဲ့ဆို ဒေါ်လာ ၁ သန်းကျော် တန်တဲ့ အိမ်ဖြစ်ပါတယ်။ ဒီလာဝဲလ်မှာပဲ Beach House တစ်လုံး ပိုင်ဆိုင်ပါတယ်။ ၂၀၁၇ ခုနှစ်က ဒေါ်လာ ၂.၇ သန်း ( မြန်မာငွေ သိန်း ၅၄၀၀၀ ခန့်) ပေးဝယ်ထားတာပါ။

သမ္မတ ဂျိုးဘိုင်ဒန် ပြောပြတဲ့ စကားလေးတစ်ခွန်းက မှတ်သားစရာ ကောင်းလို့ လက်ဆောင်အဖြစ် မျှဝေပေးချင်ပါတယ်။ “လူအဖို့မှာတော့ အကြီးကျယ်ဆုံး လက်ဆောင်ဆိုတာ မေ့ပစ်နိုင်စွမ်းပါပဲ။ မကောင်းတဲ့အရာတွေကို မေ့ပစ်လိုက်ပြီး ကောင်းတာကို အာရုံစိုက်ဖို့ပဲ ဖြစ်ပါတယ်” တဲ့။

Featured Photo : lifestyleasia