အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ် ကိုယ်တွင်းယန္တရားတွေရဲ့ ကြံ့ခိုင်မှုဟာ တဖြည်းဖြည်း အားလျော့လာပါတယ်။ အမျိုးသားတွေအနေနဲ့ အသက်အရွယ် ကြီးရင့်လာချိန်မှာ အမျိုးမျိုးသော ကျန်းမာရေးဆိုင်ရာ ရောဂါအခြေအနေတွေ ကြုံလာရနိုင်ပြီး ဒီထဲကမှ ဟော်မုန်း မညီမျှ ခြင်း ၊ အရေပြား ကင်ဆာ ၊ ဆီးကျိတ် ကြီးခြင်းနဲ့ နှလုံးရောဂါ ကဲ့သို့ ရောဂါတွေ ဖြစ်ပွားနိုင်ခြေ အများဆုံးရှိနေတာ ဖြစ်ပါတယ်။ ကျန်းမာရေး နဲ့ မညီညွတ်တဲ့ အစားအစာတွေ စားတာ ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်မလုပ်တာ ၊ နေထိုင်မှု ပုံစံအမှားတွေ လုပ်မိနေတာဟာလည်း ခန္ဓာကိုယ်အတွက် ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖိတ်ခေါ်နေခြင်းပင် ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သတ်လာရင် စောစီးစွာ စမ်းသပ်စစ်ဆေးတာဟာ အမှားမရှိနိုင်သလို စောစောသိ စောစောကုသတာက ရောဂါအခြေအနေတစ်ခု အမြစ်ဆွဲချိန်မှ ကုသတာထက် ပိုပြီး ထိရောက်မှု ရှိပါတယ်။ ဒီတစ်ခေါက် ဆောင်းပါးမှာတော့ အမျိုးသား တွေ အနေနဲ့ အသက် ၄၀ နဲ့ ၄၀ နှစ် နောက်ပိုင်းမှာ ပုံမှန်ပြုလုပ်သင့်တဲ့ ကျန်းမာရေး စစ်ဆေးမှု တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဆီးကျိတ် စစ်ဆေးခြင်း

Photo : Skylight Health

အမျိုးသားတွေအတွက် အကြီးမားဆုံး ကျန်းမာရေး ဆိုင်ရာ ပြဿနာတစ်ခုကတော့ ဆီးကျိတ်ကင်ဆာပါပဲ။ အမေရိကန်နိုင်ငံမှာ အမျိုးသားတွေရဲ့ သေဆုံးမှု ၂.၄ ရာခိုင်နှုန်းခန့်ဟာ ဆီးကျိတ်ကင်ဆာကြောင့်ဖြစ်ပြီး အမျိုးသား ၄၁ ဦးမှာ ၁ ဦး နှုန်းနဲ့ အသက်ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။ ကံကောင်းတဲ့အချက် တစ်ခုကတော့ ဆီးကျိတ်ကင်ဆာဟာ ပျံ့ပွားနှုန်းနှေးကွေးတာကြောင့် စောစီးစွာ ဆေးစစ်ကုသမှု ခံယူပါက အသက်ဆုံးရှုံးနိုင်ခြေ အလွန်နည်းပါးပါတယ်။ ဆေးဘက်ဆိုင်ရာ သုတေသီတွေကတော့ အသက် ၄၀ နှစ်ကနေ ၅၄ နှစ်ကြား အမျိုးသားအနေနဲ့ ဆီးကျိတ်ကင်ဆာ စစ်ဆေးမှု ကို မဖြစ်မနေ ပြုလုပ်ဖို့ အကြံပြုထားပါတယ်။

(၂) အူမကြီး ကင်ဆာ စစ်ဆေးခြင်း

Photo : Nestia

Colorectal Cancer (CRC) လို့ခေါ်တဲ့ အူမကြီး ကင်ဆာဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ သေဆုံးမှုအများဆုံး ရောဂါပြဿနာတစ်ခုဖြစ်ပြီး အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ပိုမိုဖြစ်ပွားလျက်ရှိတာကို တွေ့ရပါတယ်။ GLOBOCAN 2018 ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အူမကြီး ကင်ဆာဟာ ကမ္ဘာပေါ်မှာ တတိယမြောက် သေဆုံးမှုအများဆုံးနဲ့ စတုတ္ထမြောက်အဖြစ်များဆုံး ကင်ဆာရောဂါ တစ်ခုဖြစ်ပါတယ်။ အူမကြီး ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ထိုင်များတဲ့ လူနေမှုပုံစံ၊ အရက်နဲ့ ဆေးရွက်ကြီးသုံးစွဲမှု၊ အဝလွန်ခြင်းနဲ့ ပြုပြင်ထားတဲ့ အသားစားသုံးမှု စတဲ့အချက်တွေ ပါဝင်ပါတယ်။ အူမကြီး ကင်ဆာဟာ ဆီးကျိတ်ကင်ဆာနဲ့အလားတူ ကင်ဆာဆဲလ် ကြီးထွားမှုနှုန်း နှေးကွေးတာကြောင့် စောစောစီးစီး ရောဂါစမ်းသပ်ရှာဖွေပြီး ကင်ဆာအကျိတ်တွေကို ခွဲထုတ်နိုင်ပါက ကင်ဆာဆဲလ် ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

(၃) နှလုံးစစ်ဆေးခြင်း

Photo : Medical News Today

နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ သုတေသီတွေတော့ အမျိုးသား တွေအနေနဲ့ မိမိရဲ့ နှလုံးကျန်းမာရေး အခြေအနေကို သိရှိနိုင်ရန် နှစ်စဉ် Electrocardiograms လို့ခေါ်တဲ့ ECG စစ်ဆေးမှု ခံယူဖို့ အကြံပြုထားပါတယ်။ ECG ဆိုတာ နှလုံးရဲ့ အလုပ်လုပ်ပုံ ကောင်းမွန်မှု ရှိမရှိ ၊ နှလုံးခုန်နှုန်း အခြေအနေ လက္ခဏာတွေကို တိုင်းတာစစ်ဆေးပေးတာ ဖြစ်ပြီး နှလုံးမှာ ပြဿနာတစ်စုံတစ်ရာရှိပါက စောစီးစွာသိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကနေ နှလုံးမူမမှန်ခြင်းများစွာ မှန်းဆသိရှိနိုင်ပြီး နှလုံးနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေး ဆိုင်ရာရောဂါပြဿနာတွေကို ကြိုတင်ကာကွယ်ကုသနိုင်မှာ ဖြစ်ပါတယ်။

(၄) အရိုးသိပ်သည်းဆ စစ်ဆေးခြင်း

Photo : Healthline

အမျိုးသား တွေအနေနဲ့ အသက် ၄၀ နောက်ပိုင်းမှာ အရိုးတွေရဲ့ ကြံ့ခိုင်မှု လျော့နည်းလာပါတယ်။ ဒါကြောင့် အရိုးသိပ်သည်းဆ စစ်ဆေးမှု ကိုလည်း ပုံမှန်ပြုလုပ်ဖို့ လိုအပ်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကာ အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ ကာကွယ်ကုသမှု ၊ လေ့ကျင့်ခန်းနဲ့ ဖြည့်စွက်စာတွေကို မှီဝဲပေးဖို့ လိုပါတယ်။

(၅) မျက်စိစစ်ဆေးခြင်း

Photo : Plano

အမျိုးသားတွေ နောက်ထပ် မမေ့မလျော့ စစ်ဆေးသင့်တဲ့ ကျန်းမာရေး စစ်ဆေးမှု တစ်ခုကတော့ မျက်စိနဲ့ အမြင်အာရုံ စစ်ဆေးခြင်း ဖြစ်ပါတယ်။ မျက်စိဟာ စိတ်ဝိညာဉ်ရဲ့ ပြတင်းတံခါးလို့ ပြောကြပေမယ့် ကိုယ်မသိလိုက်ခင်မှာပဲ နာတာရှည်ရောဂါပြဿနာတွေ ခိုအောင်း နေတက်ပါတယ်။ Macular Degeneration လို့ခေါ်တဲ့ မျက်စိကွယ်ခြင်းဟာ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များပြီး များသောအားဖြင့် အသက် ၅၀ နောက်ပိုင်းမှာ ပိုဖြစ်တာကို တွေ့ရပါတယ်။ မျက်စိ ပုံမှန် စစ်ဆေးမှု ခံယူတာဟာ နာတာရှည်မျက်စိရောဂါ ပြဿနာတွေရဲ့ အစောပိုင်းလက္ခဏာတွေကို သိရှိနိုင်ပြီး မြန်မြန်ဆန်ဆန်ပဲ ကာကွယ်ကုသမှု ခံယူနိုင်မှာဖြစ်သလို သွေးတိုး ၊ ဆီးချို ၊ ကိုလက်စထရော မြင့်မားခြင်းနဲ့ တချို့သော အာရုံကြောဆိုင်ရာ အခြေအနေတွေကဲ့သို့ ရောဂါပြဿနာတွေကို ရှာဖွေဖော်ထုတ်ရာမှာလည်း ကူညီပေးနိုင်ပါတယ်။

Featured Photo : Men’s Journal