အမျိုးသား တော်တော်များများ ဆံပင် နဲ့ ပတ်သတ်ရင် သိပ်ပြီးအလုပ်ရှုပ် မခံကြတာ များပါတယ်။ ဒါကြောင့်လည်း ဆံပင်စတိုင် ရွေးတဲ့အခါခပ်တိုတို ခပ်ပါးပါး ထိန်းသိမ်းရလွယ်တဲ့ ဆံပင်ကေမျိုး ရွေးထားကြတာပါ။ ကွီးတို့အနေနဲ့ ဆံပင်အတိုစတိုင် ထားတယ်ဆိုရင်တောင်မှ အခြေခံကျတဲ့ ဆံပင် ထိန်းသိမ်းနည်းအဆင့်တွေ လုပ်ပေးဖို့ လိုမှာပါ။ ဒါမှလည်း ဆံသားပျက်စီးမှုနည်းပြီး ပုံကျတဲ့ ဆံပင်စတိုင်ကောင်းကောင်းတစ်ခု ရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသား တိုင်း သိထားဖို့လိုမယ့် အခြေခံကျတဲ့ Hair Care Tips လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) မကြာခဏ ခေါင်းလျှော်ခြင်းကို ရှောင်ပါ

Photo : Toppik

ကျွန်တော် အမျိုးသား တိုင်းလိုလို ဆံပင် နဲ့ ပတ်သတ်ပြီး လုပ်မိတက်တဲ့ အမှားတစ်ခုက မကြာခဏ ခေါင်းလျှော်တာပါပဲ။ ဆံပင်တိုတယ်ဆိုပေမယ့်လို့ ရေချိုးတိုင်း ခေါင်းလျှော်ဖို့ မလိုပါဘူး။ ခေါင်းခဏခဏ လျှော်တာဟာ ဦးရေပြားပေါ်မှာရှိတဲ့ သဘာဝအဆီတွေကို ခမ်းခြောက်စေပြီး ဆံသားပျက်စီး ကြမ်းတမ်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

(၂) ဆံပင်ကို ညင်ညင်သာသာ ပွတ်သတ်အခြောက်ခံပါ

Photo : Vedix

ခေါင်းလျှော်ပြီးခါစ ရေစိုနေတဲ့ဆံသားဟာ အားနည်းပြီး ပျက်စီးဖို့ အလွန်လွယ်ကူပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးချိန်မှာ ရေစိုနေတဲ့ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်အခြောက်ခံခြင်းမျိုး အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ ဦးရေပြားကို ဖိအားမဖြစ်စေပဲ နူးညံ့တဲ့ တဘက်နဲ့ ခပ်ဖွဖွသုတ်ပြီးသာ ခြောက်သွေ့အောင် ပြုလုပ်သင့်ပါတယ်။

(၃) ခေါင်းအလွန်အကျွံ မဖြီးပါနဲ့

Photo : Dapper Confidential

ဆံပင်ကို အမြဲတမ် သ, နေတက်တဲ့ ကွီးတို့ သတိထားရမှာပါ။ ခေါင်းအလွန်အကျွံ ဖြီးတာဟာ ဆံပင်တွေ ပိုပိုပြီး ပါးလာနိုင်ပါတယ်။ ဆံပင် ကျွတ်တာ ၊ ဆံပင် ပါးတာတွေဟာ ခေါင်းမကြာမကြာ ဖြီးလေ့ရှိတဲ့ အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ခေါင်းအလွန်အကျွံ ဖြီးတက်တဲ့ အကျင့်ရှိရင် ရပ်တန့်လိုက်ဖို့ အကြံပြုချင်ပါတယ်။

(၄) ကြက်ဥအကာ သုံးပါ

Photo : Medical News Today

ကြက်ဥမှာ ဆံသားအတွက် အကျိုးပြုတဲ့ ပရိုတင်းဓာတ်နဲ့ ဆာလဖာလို မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါရှိပါတယ်။ ဆံသားကို သဘာဝအတိုင်း နူးညံ့ပျော့ပြောင်းစေချင်တယ်ဆိုရင် ကြက်ဥအကာ ၁ ပတ် ၂ ကြိမ်လောက် ပုံမှန်လိမ်းပေးပါ။ ကြက်ဥအကာကို ဦးရေပြားအတွင်းပိုင်းအထိ စိမ့်ဝင်အောင် လိမ်းပေးခြင်းဖြင့် ဦးရေပြားပေါ်မှာရှိတဲ့ မွေးညှင်းပေါက်တွေကို အားကောင်းစေပြီး ဆံသားကို အိစက်ပျော့ပျောင်းစေပါတယ်။

(၅) ကလိုရင်းဓာတ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ

Photo : Triathlon Training is Fun

ရေကူးကန်တွေမှာ တွေ့ရတက်တဲ့ ကလိုရင်းဓာတ်ဟာ ဦးရေပြားကို ခြောက်သွေ့ကြမ်းတမ်းစေပြီး ဆံသား ကြွပ်ဆတ်ကာ ကျိုးလွယ်ကြေလွယ် ဖြစ်စေတာကြောင့် ဆံပင်နဲ့ ဦးရေပြားကျန်းမာရေးအတွက်တော့ အိပ်မက်ဆိုးကြီး တစ်ခုပါပဲ။ ဒါကြောင့် ကွီးတို့အနေနဲ့ ရေကူးမယ်ဆိုရင် ဆံပင် နဲ့ ဦးရေပြားကို ကလိုရင်းဓာတ်ထိတွေ့မှု မရှိစေဖို့ Swimming Cap စွပ်ပြီးမှကူးတာ ဒါမှမဟုတ် ကလိုရင်းရဲ့ ဘေးထွက်ဆိုးကျိုး သက်ရောက်မှု အားပျော့စေဖို့ ရေမကူးခင် ဦးရေပြားအနှံ့ အပျော့စား Conditioner လိမ်းတာမျိုး လုပ်ဖို့လိုပါတယ်။

(၆) ဆံပင်ထုတ်ကုန်တွေ လျှော့သုံးပါ

Photo : Mens Haircuts

Hair Gel ၊ Hair Wax ၊ Hair Spray နဲ့ တခြား ဆံပင်အတွက် ထုတ်ကုန်တွေကို အလွန်အကျွံ သုံးစွဲတာဟာ ဆံသားပျက်စီးစေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဆံပင် ကိုပုံသွင်းဖို့ အတွက်ဆိုရင် ဆီတစ်ခုခု လိမ်းတာ သို့မဟုတ် Hair Products တွေကို ပမဏနည်းနည်းသာ သုံးဖို့အကြံ ပြုချင်ပါတယ်။

(၇) သဘာဝ ခေါင်းလျှော်ရည်ကို သုံးပါ

Photo : Medical News Today

ဓာတုပစ္စည်းတွေ အများအပြားပါတဲ့ ခေါင်းလျှော်ရည်တွေဟာ အချိန်ကြာလာတာနဲ့ အမျှ ဆံသားကို ခြောက်သွေ့ကြမ်းတမ်းစေပြီး မွဲခြောက်ခြောက် ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သဘာဝပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေကသာရွေးချယ်ဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ နူးညံ့တောက်ပြောင်တဲ့ ဆံကေသာကို ထိန်းသိမ်းဖို့အတွက် Pantene Pro-V Total Damage Care လိုမျိုး ခေါင်းလျှော်ရည်ကို အသုံးပြုနိုင်ပါတယ်။ ဦးရေပြားရဲ့ pH အဆင့်ကို ထိန်းညှိပေးနိုင်ဖို့အတွက် ခေါင်းလျှော်ချိန်မှာ အဖြူရောင် ရှာလကာရည်ကိုလည်း သုံးနိုင်ပါတယ်။ ဒါက ထူးဆန်းတယ်လို့ ထင်ရပေမယ့် တကယ်အလုပ်ဖြစ်ပါတယ်။

(၈) ကျပ်တဲ့ ဦးထုပ်တွေကို ရှောင်ပါ

Photo : Healthline

ဦးထုပ်ဆောင်းလေ့ရှိတဲ့ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဦးခေါင်းနဲ့ အရမ်းတင်းကျပ်တဲ့ ဦးထုပ်တွေကို ရှောင်ဖို့ အကြံပြုချင်ပါတယ်။ ကျပ်လွန်းတဲ့ ဦးထုပ်တွေကို ဆောင်းတာဟာ ဆံပင် ကျွတ်ခြင်းကို ဖြစ်စေနိုင်လို့ပါပဲ။

(၉) ကျန်းမာအောင်နေပါ

Photo : Hydroxycut

ကွီးတို့ရဲ့ ဆံပင်ကျန်းမာရေးဟာ ဘဝနေထိုင်မှုပုံစံ အပေါ်မှာလည်း များစွာမူတည်ပါတယ်။ အမျိုးသား တွေအတွက် ကောင်းမွန်တဲ့ ဆံကေသာကို ထိန်းသိမ်းခြင်းဆိုရာမှာ အာဟာရ ပြည့်ဝစွာစားခြင်း ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း ၊ ရေများများသောက်ခြင်း ၊ လုံလောက်စွာအိပ်စက်အနားယူခြင်းစတဲ့ အပြုသဘောဆောင်တဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဆံပင်ဟာ ကွီးတို့အကြောင်းကို ပထမဆုံးသတိပြုမိတဲ့ အရာတစ်ခု ဖြစ်တာကြောင့် ဆံပင် နဲ့ ဦးရေပြားကို ကျန်းမာအောင် အမြဲဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။

Featured Photo : Brickell Men’s Products