ရင်သားကင်ဆာ ဆိုတာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါအခြေအနေ တစ်ခုပါပဲ။ ဒါက အမျိုးသား တွေမှာရော ဖြစ်နိုင်လား မေးစရာ ရှိပါတယ်။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဖြစ်တောင့်ဖြစ်ခဲ လို့ဆိုရမယ့် အခြေအနေပါ။ အမျိုးသားတွေမှာ ဖြစ်တက်တဲ့ ရင်သားကင်ဆာနဲ့ ပတ်သတ်ပြီး ရောဂါလက္ခဏာတွေဟာ မည်သို့မည်ပုံ ရှိတယ်ဆိုတာကို သိရှိထားပြီး စောစီးစွာကုသမှု ခံယူမယ်ဆိုရင်တော့ ဆိုးရွားတဲ့ ရောဂါအခြေအနေတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Male Breast Cancer

Photo : Dr. Tan Chuan Chien

အမျိုးသားတွေမှာ ဖြစ်ပွားတဲ့ ရင်သားကင်ဆာ ရောဂါဟာ ကမ္ဘာတစ်ဝှမ်းရှိ ကင်ဆာရောဂါရှာဖွေမှုအားလုံးရဲ့ ၁ ရာခိုင်နှုန်းထက် နည်းတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ အမေရိကန် ကင်ဆာအဖွဲ့အစည်း (ACS) ရဲ့ အဆိုအရ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေဟာ ၈၃၃ ယောက်မှာ ၁ ယောက်နှုန်းခန့်သာ ရှိပါတယ်။ ရင်သားကင်ဆာရဲ့ အစောပိုင်းအဆင့်မှာ ရောဂါရှာဖွေတွေ့ရှိပြီး ကုသမှုကောင်းကောင်း ခံယူမယ်ဆိုရင် အလားအလာကောင်းတယ်လို့ ပြောရမှာပါ။

အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် ရင်သားတစ်ရှူးနည်းပါးတဲ့အတွက် ရောဂါလက္ခဏာနဲ့ သက်ရောက်မှု အခြေအနေဟာ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အမျိုးသားတွေရဲ့ ရင်သားဧရိယာ တဝိုက်ဟာ အမျိုးသမီးတွေလောက် အဆီနဲ့ တစ်ရှူးဖွဲ့စည်းမှုနည်းတဲ့အတွက် သေးငယ်တဲ့ အဖုအကျိတ်တွေကို လွယ်လွယ်ကူကူ ရှာဖွေတွေ့နိုင်မှာဖြစ်ပေမယ့် အနီးနားမှာရှိတဲ့ တစ်ရှူးတွေဆီကို ကင်ဆာဆဲလ် ပျံ့နှံ့မှုနှုန်းဟာ ပိုမြန်နိုင်ပါတယ်။ အသက် ၄၀ ဝန်းကျင်နောက်ပိုင်း အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများပြီး အခြေအနေ အကြောင်းအရင်း အရပ်ရပ်ကြောင့် ငယ်ရွယ်သူတွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

ရင်သားကင်ဆာရဲ့ ရောဂါလက္ခဏာများ

Male Breast Cancer

Photo : BBC

အမျိုးသားတွေမှာ ဖြစ်ပွားတက်တဲ့ ရင်သားကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့………

များသောအားဖြင့် ရင်သားတဝိုက်မှာ နာကျင်မှုမရှိတဲ့ အဖုအကျိတ်တွေ ရှိနေတာ
နို့သီးခေါင်း အတွင်းထဲသို့ ချိုင့်ဝင်တာ ၊ နို့သီးခေါင်းမှာ ပြည်တည်နာ ဖြစ်တာနဲ့ နိ့သီးခေါင်းမှအရည်တွေ ထွက်တာ
ရင်သား အရေပြားမှာ ရောင်ရမ်းတာ ၊ ဆူထွက်တာ
ရင်သား ဒါမှမဟုတ် နို့သီးခေါင်းရှိ အရေပြား အရောင်ပြောင်းလာတာ သို့မဟုတ် အရွယ်အစားပြောင်းလဲလာတာ

စတာတွေ ဖြစ်နိုင်ပြီး အကယ်၍ ကင်ဆာဆဲလ်ပြန့်ပွားနေပြီဆိုပါက ရင်သားဧရိယာတဝိုက်မှာ ရောင်ရမ်းတာ ၊ ရင်သားနဲ့ အရိုးတွေမှာ နာကျင်မှု ဝေဒနာ ခံစားရတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။

အမျိုးသားတွေမှာ ဖြစ်တက်တဲ့ ရင်သားကင်ဆာ ရောဂါအခြေအနေနဲ့ ပတ်သတ်ပြီး အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်က အသက်အန္တရာယ် စိုးရိမ်ရမှု အခြေအနေဟာ ပိုမိုနည်းပါးပြီး ရောဂါရှာဖွေတွေ့ရှိပြီးနောက် အနည်းဆုံး ၅ နှစ်အထိ အသက်ဆက်လက် ရှင်သန်နေထိုင်နိုင်ခြေရှိတယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်း (ACS) က ဆိုထားပါတယ်။

ကင်ဆာရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အမျိုးသားတွေမှာ ဖြစ်ပွားတက်တဲ့ ရင်သားကင်ဆာဖြစ်ပွားရခြင်း အကြောင်အရင်းကို အတိအကျမသိရပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကတော့ မျိုးရိုးဗီဇ ၊ အသက်အရွယ် ၊ နေထိုင်မှုပုံစံ ၊ အက်စထရိုဂျင်ပါတဲ့ ဆေးဝါးတွေ မှီဝဲသုံးစွဲရမှု ၊ ဓာတ်ရောင်ခြည်ကုထုံးခံယူမှု ၊ အရက်အလွန်အကျွံ သောက်သုံးမှုနဲ့ ဟော်မုန်းမညီမျှမှု အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Male Breast Cancer

Photo : HealthCentral

မိသားစုဝင်ထဲမှာ အမျိုးသား ရင်သားကင်ဆာရောဂါ ရာဇဝင်ရှိပါက ရင်သားမှာပြောင်းလဲမှု ရှိမရှိဆိုတာနဲ့ ပတ်သတ်ပြီး ပုံမှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း ၊ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း ၊ အရက်အလွန်အကျွံ သောက်သုံးခြင်းကို ကန့်သတ်ခြင်းတို့အပါအဝင် ကျန်းမာနဲ့ ညီညွတ်တဲ့နေထိုင်မှုပုံစံကို ပြုစုပျိုးထောင်ခြင်းဟာ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်မှာဖြစ်ပြီး အကယ်၍ မိမိရဲ့ ရင်သားမှာ ပြောင်းလဲမှုတစ်စုံတစ်ရာ သတိပြုမိပါက ဆရာဝန်ထံ ချက်ချင်းသွားရောက် စစ်ဆေးမှု ခံယူသင့်ပါတယ်။

Source : Medical News Today

Featured Photo : NationalWorld