သုတေသနပြုချက်တွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကျန်းမာရေး စောင့်ရှောက်မှုပိုင်းမှာ အားနည်းကြတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့ ပတ်သတ်ရင် ကုသမှုထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီးထိရောက်မှန်ကန်တယ်ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လား။ အချို့သော ကျန်းမာရေးကိစ္စတွေဟာ အသိနည်းနည်းလေး နှောင့်နှေးတာနဲ့ အန္တရာယ်အများကြီးရှိတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ ပြောပြပေးမှာကတော့ အမျိုးသားတိုင်း လျစ်လျူရှု့မထားသင့်တဲ့ ကျန်းမာရေး သတိပေး လက္ခဏာ တွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) အသက်ရှုကြပ်ခြင်း

Photo : Men’s Health

အသက်ရှုမဝတာ ၊ အသက်ရှုကြပ်တဲ့ လက္ခဏာ တွေဟာ များသောအားဖြင့်တော့ Heart Attack လို့ခေါ်တဲ့ နှလုံးဖောက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ Heart Attack ရဲ့ လက္ခဏာတွေက လူတစ်ဦးနဲ့တစ်ဦး မတူကွဲပြားနိုင်ပေမယ့် အသက်ကို အားစိုက်ရှုနေရတာမျိုး ကြိုတင်သတိပေးလက္ခဏာတွေကတော့ အများဆုံး ပြတက်ပါတယ်။ ဥပမာအားဖြင့် လမ်းနည်းနည်းလျှောက်ပြီးတာနဲ့ အသက်ရှူရ ခက်ခဲလာတာမျိုးပါ။ ဒါဟာ သွေးကြောကျဉ်းခြင်းရဲ့ အစောပိုင်း လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

ဒီအခြေအနေဟာ နှလုံးဆီကို သွေးတွေပို့ဆောင်ပေးနေတဲ့ သွေးကြောတစ်ခုခု ပိတ်ဆို့နေခြင်းကြောင့် ဖြစ်ပါတယ်။ သွေးကြောတွေအားလုံး ပိတ်ဆို့သွားတဲ့အခါမှာတော့ နှလုံးဖောက်ခြင်းကို ဖြစ်စေပါတယ်။ ရင်ဘတ်အောင့်တာ ဒါမဟုတ် အသက်ရှုကြပ်တဲ့ ဝေဒနာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

(၂) ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျခြင်း

Photo : Pattaya One

ဝိတ်ချဖို့ ကြိုးစားနေသူတစ်ယောက်မဟုတ်ပဲ သူ့အလိုလို ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျနေပြီဆိုရင်တော့ စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်နိုင်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် ထိုးကျတာဟာ ကင်ဆာအပါအဝင် အခြားသော ရောဂါတော်တော်များများရဲ့ ကနဦး လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလိုဝိတ်ချတာ ၊ ဝိတ်လျှော့တာတွေ ဘားမှမလုပ်ပါပဲနဲ့ ကိုယ်အလေးချိန်က ပုံမှန်ထက် ထိုးကျနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ အရေးကြီးပါတယ်။

(၃) သွေးဝမ်း သို့မဟုတ် အမဲရောင်ဝမ်းများ သွားခြင်း

Photo : US News Health – U.S. News & World Report

နေ့စဉ်စားတဲ့ အစားအစာတွေနဲ့ ဆေးဝါးတွေအပေါ်မူတည်ပြီး ဝမ်းအရောင်က ပြောင်းလဲနိုင်ပါတယ်။ ဥပမာအားဖြင့် သကြားမုန်လာလို အရောင်ရှိတဲ့ အသီးအနှံတွေစားသုံးခြင်းက သင့်ဝမ်းကို ကြောက်စရာကောင်းလောက်အောင် အနီရောင်ပြောင်းလဲစေနိုင်ပါတယ်။ အလားတူ သံဓာတ် အားဆေး‌တွေ ၊ Bismuth Subsalicylate (Pepto-Bismol) ကဲ့သို့ ဝမ်းနှုတ်ဆေးအချို့ဟာ သင့်ဝမ်းအရောင်ကို အမည်းရောင် သို့မဟုတ် အခြားအရောင်တွေ ပြောင်းသွားစေနိုင်ပါတယ်။ အညိုရောင် သို့မဟုတ် အစိမ်းရောင်ခပ်သမ်းသမ်းဆိုရင်တော့ ပုံမှန်ပဲလို့ မှတ်ယူလို့ရပါတယ်။

အထက်ပါ အချက်တွေကြောင့်မဟုတ်ပဲ သင့်ဝမ်းအရောင်က အမည်းရောင် သို့မဟုတ် သွေးရောင်လွှမ်းတာ ၊ ဝမ်းမှာသွေးပါတာတွေ ဖြစ်နေပြီဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ရှိနေပြီဆိုတာ ညွှန်ပြနေတာ ဖြစ်နိုင်ပါတယ်။ အမဲရောင်ဝမ်းတွေ သွားတာဟာ အစာအိမ်အပေါ်ပိုင်း (GI) လမ်းကြောင်းမှာ သွေးထွက်နေတာကို ညွှန်ပြနေတာဖြစ်ပြီး သွေးဝမ်းကတော့ GI လမ်းကြောင်းအောက်ပိုင်းမှာ သွေးထွက်နေတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ ဝမ်းအရောင်ပြောင်းတဲ့အခါ လိပ်ခေါင်း သို့မဟုတ် အစာအိမ်နာရောဂါ လက္ခဏာ တွေ ရှိမရှိကိုလည်း စစ်ဆေးဖို့လိုပါတယ်။ ဝမ်းအရောင်ဖျော့ဖျော့ သွားနေတယ်ဆိုရင်တော့ အသည်း သို့မဟုတ် သည်းခြေပြွန်တွေမှာ ပြဿနာရှိကြောင်း အချက်ပြနေတာ ဖြစ်နိုင်ပါတယ်။

(၄) မကြာခဏ ဆီးသွားခြင်း

Photo : Medical News Today

အမျိုးသားတွေမှာ ဆီမကြာခဏ သွားတာဟာ ဆီးချိုရောဂါရဲ့ လက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ဟာ သွေးကြောထဲက ပိုလျှံနေတဲ့ သကြားဓာတ်တွေကို ဖယ်ရှားဖို့ အလုပ်ပိုလုပ်ရတာကြောင့် မကြာခဏ ဆီးသွားခြင်းကို ဖြစ်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးကျိတ်နဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်နေပါကလည်း မကြာခဏ ဆီးသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆီးကျိတ်ပြဿနာရဲ့ အခြားလက္ခဏာတွေကတော့ ဆီးသွားနေစဉ်အတွင်း ဆီးထွက်နည်းတာ ၊ တင်ပါးဆုံတွင်းမှာ မသက်မသာခံစားရတာ ၊ ဆီး သို့မဟုတ် သုတ်ရည်မှာ သွေးပါတာ စတာတွေ ဖြစ်တက်ပါတယ်။

နောက်ထပ် အမျိုးသားတွေမှာ အဖြစ်များတာကတော့ ဆီးကျိတ်ကြီးခြင်းပါပဲ။ ဆီးကျိတ်ကြီးတာဟာ အသက်ကြီးပိုင်းတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ဆီးကျိတ်ကြီးခြင်းမှာလည်း အထက်ပါအချက်တွေနဲ့ တူညီတဲ့ လက္ခဏာတွေ ပြတက်ပြီး အခြားသော ပြင်းထန်တဲ့ အခြေအနေတွေကိုလည်း ကြုံရနိုင်တာကြောင့် လျစ်လျူမရှုသင့်တဲ့ ထိပ်တန်း ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။

(၅) ပန်းသေပန်းညိုးခြင်း


Photo : Thomson Medical

Erectile Dysfunction (ED) လို့ခေါ်တဲ့ ပန်းသေပန်းညိုးခြင်းဟာ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။ လေ့လာမှုတွေအရတော့ ပန်းသေပန်းညိုးခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါကဲ့သို့ ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေပြီး
စိတ်ဖိစီးမှု သို့မဟုတ် စိတ်ဓာတ်ကျခြင်းတွေရဲ့ လက္ခဏာ တစ်ခုလည်း ဖြစ်ပါတယ်။ ED ဖြစ်နေပါက ဆေးဝါးကုသမှု ခံယူနိုင်သလို ဆရာဝန်တွေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးနှစ်သိမ့်မှု ခံယူနိုင်ပါတယ်။ ED ဟာ မြန်မြန်ကုသလေ မြန်မြန်ပျောက်ကင်းနိုင်လေ ဖြစ်တာကြောင့် မရှက်မကြောက်ပဲ ဆရာဝန်နဲ့ ချက်ချင်း ကုသနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

Featured Photo : Medanta