အမျိုးသားတွေမှာဖြစ်လေ့ရှိတဲ့ Low Sperm Count လို့ခေါ်တဲ့ သုတ်ပိုး အရေအတွက် ကျဆင်းခြင်း သို့မဟုတ် သုတ်ပိုးနည်းခြင်း ဆိုတာဟာ Orgasm ရပြီးချိန် ထုတ်လွှတ်လိုက်တဲ့ သုတ်ရည်ထဲမှာ ပုံမှန်ထက် သုတ်ပိုးအရေအတွက် လျော့နည်းနေတာကို ဆိုလိုပါတယ်။ သုတ်ပိုးအရေအတွက် နည်းတာကို Oligospermia (ol-ih-go-SPUR-me-uh) လို့လည်း ခေါ်ပါတယ်။ သုတ်ရည်အတွင်းမှာ သုတ်ပိုး လုံးဝမရှိတာကိုတော့ Azoospermia လို့ ခေါ်ပါတယ်။ သုတ်ရည် တစ်မီလီလီတာမှာ သုတ်ပိုးအရေအတွက် ပျှမ်းမျှ ၁၅ သန်းထက် နည်းနေမယ်ဆိုရင်တော့ သုတ်ပိုးနည်းတယ်လို့ ပြောလို့ရပါတယ်။
သုတ်ပိုးအရေအတွက် နည်းရခြင်းရဲ့ အဓိက ပြဿနာကတော့ ပါတနာနဲ့ ကလေးယူချိန်မှာ မျိုးအောင်နိုင်ခြေ ရာခိုင်နှုန်းလျော့ကျတာ တစ်နည်းအားဖြင့် ကလေးရနိုင်ခြေနည်းတာပဲ ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာသုတေသီတွေကတော့ သုတ်ပိုးနည်းတဲ့အမျိုးသားတွေမှာပင် ကလေးရနိုင်တယ်လို့ ဆိုထားပေမယ့် ကျန်းမာပြည့်ဝတဲ့ သုတ်ပိုးအရေအတွက် ရှိထားခြင်းကတော့ အကောင်းဆုံးပါပဲ။ သုတ်ပိုးအရေအတွက် ကျဆင်းစေတဲ့ အကြောင်းအရင်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ တချို့ကလည်း လက်ပ်တော့လို အီလက်ထရောနစ် ပစ္စည်းတွေကို ပေါင်ပေါ်တင်သုံးခြင်းကြောင့်လို့ ပြောကြသလို တချို့ကလည်း ဖုန်းတွေကို ဘောင်းဘီအိတ်ကပ်ထဲထည့်ခြင်း ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
ဆေးပညာအရတော့ အဝလွန်ခြင်း ၊ မူးယစ်ဆေးသုံးစွဲခြင်း ၊ ဆေးလိပ်နဲ့အရက် အလွန်အကျွံသုံးစွဲခြင်း ၊ စိတ်ဖိစီးမှုများနဲ့ စိတ်ကျရောဂါခံစားနေရခြင်း စတဲ့အချက်တွေကြောင့်လို့ သုံးသပ်ထားပါတယ်။ ဒီထဲမှာ နောက်ထပ်သတိထားရမယ့် အချက်တစ်ခုကတော့ အစားအသောက်ပါပဲ။ အစားအသောက်တွေဟာ သုံးတက်ရင်ဆေး ၊ မသုံးတက်ရင် ဘေးဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ သုတ်ပိုးအရေအတွက်ကို တိုးတက်စေတဲ့ အစားအသောက်တွေရှိသလို သုတ်ပိုးအရေအတွက် ကျဆင်းစေတဲ့ အစားအသောက်တွေလည်း ရှိပါတယ်။ အခုပြောပြပေးမှာကတော့ အမျိုးသား တွေရဲ့ သုတ်ပိုးကျန်းမာရေးနဲ့ သုတ်ပိုးအရေအတွက် ကို ကျဆင်းစေပြီး မျိုးအောင်နိုင်ခြေ လျော့ကျစေတဲ့ အစားအစာ ၅ မျိုးပဲ ဖြစ်ပါတယ်။
(၁) ပြုပြင်ထားတဲ့ အသားများ
Photo : Bicycling magazine
ဟော့ဒေါ့ ၊ ဘေကွန် ၊ အသင့်စား ကြက်အူချောင်းနဲ့ အမဲသားခြောက်လိုအစားအစာတွေဟာ အရသာရှိတာမှန်ပေမယ့် ကျန်းမာရေးအရတော့ လုံးဝမကောင်းတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ အသားနဲ့ စားစရာတွေဟာ ဆားပါဝင်မှုများပြီး တာရှည်ခံ ဓာတုပစ္စည်းတွေ အသုံးပြုထားတဲ့အတွက် ဆီးချို ၊ သွေးတိုး ၊ နှလုံးတို့လို နာတာရှည် ရောဂါပြဿနာ တော်တော်များများကို ဖြစ်စေနိုင်ပြီး သုတ်ပိုးကျန်းမာရေးအပေါ်လည်း ဆိုးကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ လေ့လာမှုတွေအရ ပြုပြင်ထားတဲ့ အနီရောင်အသားတွေဟာ သုတ်ပိုး အရေအတွက် ကိုကျဆင်းစေနိုင်တယ်လို့ ဆိုထားပါတယ်။
(၃) အသွင်ပြောင်းဆီ
Photo : Diabetes UK
အသွင်ပြောင်းဆီ (Trans Fats) တွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေတဲ့ အဓိက အစားအစာ တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် အသွင်ပြောင်းဆီ (Trans Fats) စားသုံးမှုဟာ သုတ်ပိုး အရေအတွက် ကျဆင်းခြင်းနဲ့ ဆက်စပ်နေတယ်လို့ ၂၀၁၁ ခုနှစ်က စပိန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
(၃) ပဲပိစပ်ထုတ်ကုန်များ
Photo : Healthline
ပဲပိစပ်ကနေ ထုတ်လုပ်တဲ့ အစားအသောက် ထုတ်ကုန်တွေမှာ Estrogen ကဲ့သို့အပင်ကရရှိတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ဘော်စတွန်မြို့က ကျန်းမာရေးသုတေသီတွေရဲ့ အမျိုးသား ၉၉ ယောက်အပေါ် လေ့လာမှုမှတ်တမ်းတစ်ခုမှာ ပဲပိစပ်နဲ့ ပဲပိစပ်ထုတ်ကုန်တွေ အလွန်အကျွံစားသူတွေမှာ သုတ်ပိုး အရေအတွက် လျော့နည်းပြီး သုတ်ပိုးစွမ်းရည် ကျဆင်းတယ်လို့ ကောက်ချက်ချထားပါတယ်။
(၄) ကြာရှည်ခံ အစားအစာနဲ့ စည်သွပ်ဘူးများ
Photo : Le Gourmet Central
Pesticides လို့ခေါ်နဲ့ ပိုးသတ်ဆေး နဲ့ Bisphenol A (BPA) ဓာတ်တွေဟာ သုတ်ပိုး ကျန်းမာရေးကို ကျဆင်းစေတဲ့ အဓိက တရားခံတွေ ဖြစ်ပါတယ်။ ပိုးသတ်ဆေး နဲ့ BPA ဓာတ်တွေဟာ အစားအစာတစ်ခု မဟုတ်ပေမယ့် အလွယ်ပြောရရင်တော့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးသက်ရောက်စေတဲ့ ဓာတုပစ္စည်းတွေပါပဲ။ ပိုးသတ်ဆေး နဲ့ BPA ဓာတ်ဟာ ကြာရှည်ခံ အစားအစာတွေနဲ့ စည်သွပ်ဘူးတွေမှာ အများဆုံး ပါဝင်ပါတယ်။ အလားတူ အချိန်ကြာကြာ လတ်ဆတ်နေဖို့အတွက် ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံနဲ့ အသားငါးတွေမှာလည်း သုံးလေ့ရှိတာကြောင့် အသားငါးနဲ့ အသီးအရွက်တွေကို သန့်စင်အောင် ရေနဲ့သေချာ ဆေးကြောပြီးမှ စားတာအကောင်းဆုံး ဖြစ်ပါတယ်။
(၅) အဆီများတဲ့ နို့ထွက်ပစ္စည်းများ
Photo : Harvard Health
သုတ်ပိုးကို ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုအဖြစ် ထည့်မတွက်ဘူးဆိုရင် နို့ဟာ ကျန်းမာရေးအတွက် အတော်လေး အထောက်အကူပြုတဲ့ အစားအသောက်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အသက် ၁၈ ကနေ ၂၂ နှစ်ကြား အမျိုးသားတွေကို သုတ်ပိုးနဲ့ အစားအသောက် ဆက်နွယ်မှုအတွက် လေ့လာခဲ့ရာမှာတော့ အဆီများတဲ့ နို့ထွက်ပစ္စည်းများ (ဥပမာ အဆီအပြည့်ပါတဲ့ နွားနို့၊ ခရင်မ်နဲ့ ချိစ်) တွေ အများအပြား စားသုံးသူတွေမှာ သုတ်ပိုး အရေအတွက် ကျဆင်းတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေအစား အဆီထုတ်ထားတဲ့ နွားနို့နဲ့ အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းတွေကိုသာ ရွေးချယ်စားသုံးဖို့ အကြံပြုချင်ပါတယ်။
Featured Photo : TheHealthSite.com