သင်သည် အလုပ်တစ်ခု ရွေးချယ်တဲ့အခါ ဘယ်လိုအချက်တွေကို ကြည့်ပြီး ရွေးချယ်လေ့ရှိပါသလဲ။ ကိုယ့်ရဲ့ ဝါသနာနဲ့ ကိုက်ညီတဲ့အလုပ်လား (သို့မဟုတ်) ဝင်ငွေကောင်းတဲ့ အလုပ်မျိုးကို ရွေးချယ်ပါသလား။ ဝါသနာမပါဘဲ လုပ်ရတဲ့အလုပ်သည် ကိုယ့်အတွက် စိတ်ဖိစီးမှုတွေသာ တဖြည်းဖြည်း ပိုများလာပြီး အဆုံးသတ်မှာတော့ အလုပ်ကနေ ခဏခဏ ထွက်ချင်စိတ်ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် နောက်အလုပ်လျှောက်တဲ့အခါ အရင်အလုပ် ကနေ ဘာ့ကြောင့် ထွက်လိုက်သလဲ ဆိုတဲ့ မေးခွန်း ကို အကောင်းဆုံးဖြေဖို့လိုအပ်ပါလိမ့်မယ်။

သင်သည် အရင်အလုပ် ကနေ ထွက်ချင်တဲ့ အကြောင်းအရင်းတွေသည် အမျိုးမျိုးဖြစ်နိုင်ပြီး ထို မေးခွန်း အတွက် အဖြေကို အရိုးသားဆုံး ဖြေပေးသင့်သလား။

သင်သည် အရင်အလုပ်ကနေ အလုပ်ထုတ်ခံလိုက်ရတာလည်းဖြစ်နိုင်သလို ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် (သို့) အထက်လူကြီး၊ သူဌေး စသူတို့နဲ့ ဆက်ဆံရေးမကောင်းမွန်လို့ ထွက်လိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အရင်အလုပ်မှာ လုပ်ကိုင်ရတာ အဆင်ပြေပေမယ့် ကိုယ့်အတွက်အလုပ်က Challenging မဖြစ်ဘူး Comfort Zone ထဲကနေ ရုန်းထွက်ချင်တဲ့အခါမျိုးမှာလည်း အလုပ်သစ်တစ်ခုကို ရှာတတ်ကြပါတယ်။

job interview

ကိုယ့်အတွက် Challenging ဖြစ်ပြီး ကိုယ့်တိုးတက်အောင်မြင်မှုအတွက် အလုပ်သစ်တစ်ခု ရှာချင်တာ ဆိုတဲ့ အကြောင်းပြချက်သည် ကောင်းပေမယ့် အလုပ်ထုတ်ခံလိုက်ရတာ၊ လုပ်ဖော်ကိုက်ဖက်များနှင့် အဆင်မပြေတာ စတဲ့အကြောင်းပြချက်များအတွက်တော့ ရိုးရိုးသားသားဖြေမယ်ဆိုရင် အလုပ်သစ်ရနိုင်ချေ နည်းသွားတတ်ပါတယ်။

ဒါ့ကြောင့် ပွဲမဝင်ခင် ပြင်က ကျင်းပ ဆိုတဲ့အတိုင်းပဲ အင်တာဗျူး သွားမဖြေခင်ကတည်းက ကိုယ့်အဖြေကို ကြိုတင်ပြင်ဆင်သွားဖို့လိုအပ်ပါလိမ့်မယ်။ အင်တာဗျူးမှာ အကောင်းမွန်ဆုံးအဖြေကို လိုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အဆင့် (၃) ဆင့်ကို ကြိုပြင်သွားဖို့လိုအပ်ပါမယ်။

အဆင့် (၁) ကိုယ့်ရဲ့ ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း သိပါစေ

အရင်အလုပ် မေးခွန်း

ကိုယ်သည် ဘာ့ကြောင့် ဒီကုမ္ပဏီမှာ လုပ်ချင်သလဲဆိုတာကို အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ အဖြေသိရပြီဆိုရင်တော့ ဘာ့ကြောင့် အရင်အလုပ်က ထွက်လိုက်ရသလဲ ဆိုတဲ့ မေးခွန်း ကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။

အလုပ်ထုတ်ခံရတယ်ဆိုရင်လည်း ဘာ့ကြောင့် အလုပ်ထုတ်ခံရသလဲ။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက မကောင်းလို့လား။ ဒါမှမဟုတ် ကိုယ်က ချောက်ချခံလိုက်ရသလား။ လစာမကောင်းလို့ ထွက်လိုက်တာလား စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ပါ။

အဆင့် (၂) လက်တွေ့ကျတဲ့အဖြေမျိုးဖြစ်အောင် ကြိုးစားပါ

အရင်အလုပ် မေးခွန်း

အချို့အလုပ်ရှင်တွေက အလုပ်အင်တာဗျူး လာဖြေသူက သင်္ကာမကင်းရှိတယ်ဆိုရင် နောက်ကြောင်း လိုက်စစ်ဆေးတာမျိုးရှိတတ်ပါတယ်။ ဒီလိုမျိုးအတွက် ကိုယ့်ဘက်က အတတ်နိုင်ဆုံး အမှန်အတိုင်းဖြေတာအကောင်းဆုံးပါပဲ။

အရေးအကြီးဆုံး နောက်ထပ်အချက်ကတော့ ကိုယ့်အရင်အလုပ်ရှင်ရဲ့ အကြောင်းကို မကောင်းမပြောမိစေဖို့ပါပဲ။ ကျွန်တော့် အရင်အလုပ်ရှင်က ကျွန်တော် အလုပ်ကောင်းကောင်းလုပ်ရဲ့သားနဲ့ ဘယ်တော့မှ လစာကောင်းကောင်းမပေးဘူး။ ဝန်ထမ်းတွေအပေါ်မှာလည်း ကောင်းကောင်းမွန်မွန်မဆက်ဆံဘူး စသည်ဖြင့် အတင်းပြောတဲ့ ပုံစံမျိုး မပြောရပါဘူး။

သူများအကြောင်းကို မပြောဘဲ ကိုယ့်အကြောင်းသာ ကိုယ်ပြောရမှာဖြစ်ပါတယ်။ အင်တာဗျူးမှာ အရင်အလုပ်က အတင်းအဖျင်းတွေကို အိတ်သွန်ဖာမှောက် လာသွန်ချတယ်ဆိုရင် ထိုအင်တာဗျူးမှာ အခြေအနေကောင်းတော့မှာမဟုတ်ပါဘူး။

အဆင့် (၃) လိုရင်းတိုရှင်းသာ ဖြေကြားပါ

အရင်အလုပ် မေးခွန်း

က ကြီးကနေ အ အထိ အကြောင်းအရာအသေးစိတ်ကို စီကာပတ်ကုံး ဖြေကြားစရာမလိုပါဘူး။ လိုရင်းတိုရှင်းသာ ဖြေကြားခြင်းအားဖြင့် သင့်အပေါ် စိတ်ဝင်စားလာအောင် ပြုလုပ်ပါ။ အင်တာဗျူး မေးသူက သူ ထပ်သိချင်တာရှိရင် သင့်ရဲ့ အဖြေပေါ် ဆွဲယူကာ မေးခွန်းထပ်မေးလာပါလိမ့်မယ်။ ထိုအတွက်လည်း လိုရင်းတိုရှင်းလေးသာ ဖြေဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် အင်တာဗျူးမေးတဲ့သူက နားထောင်ရတာ ငြီးငွေ့လာပြီး သင့်ကို စိတ်မဝင်စားတော့တာမျိုးဖြစ်လာနိုင်ပါတယ်။

ဒီအချက် (၃) ချက်ကို သိထားပြီးပြီဆိုရင်တော့ အရင်အလုပ် ကနေ ဘာ့ကြောင့် ထွက်ရသလဲဆိုတဲ့ မေးခွန်း ကို အကောင်းဆုံး ဖြေကြားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Source: Topresume

Featured Image: NBC News