ဟက်ဟက်ပက်ပက် ရယ်မောလိုက်ခြင်းက ကျွန်တော်တို့ ဘဝထဲက အဆင်မပြေမှုတွေ ၊ မသက်မသာဖြစ်ရတဲ့ ခံစားချက်တွေကို ပြေလျော့သက်သာသွားစေတယ်ဆိုတာ သင်သိပါသလား။ ရယ်မောခြင်းက Endorphins ဟော်မုန်းတွေကို ထွက်ရှိစေတာကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကို သက်သာစေပြီး စိတ်ရွှင်လန်း ပျော်ရွှင်စေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရ မယ့် ဟာသရုပ်ရှင် ဇာတ်ကားလေးတွေကို တင်ဆက်ပေးချင်ပါတယ်။

(၁) American Pie (1999)

Source : Movieclips

ရှယ်ပလန်နဲ့ ရယ်ရမယ့် ဟာသရုပ်ရှင် ဇာတ်ကားတွေ အကြောင်းပြောတဲ့အခါ နာမည်ကြီး ဟာသရုပ်ရှင် American Pie ကိုတော့ မပါမဖြစ် ထည့်ပြောရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက High School ကျောင်းသား သူငယ်ချင်းတသိုက်ရဲ့ ဇာတ်လမ်းကို ကျောရိုးယူ ဇာတ်အိမ်တည်ထားပါတယ်။ စူးစမ်းချင်စိတ်လေးတွေ အပြည့်ရှိတဲ့ လူပျိုဖော်/အပျိုဖော်ဝင်စ လူငယ်တွေရဲ့ သဘောသဘာဝလေးတွေနဲ့ အလွဲလွဲအ ချော်ချော် ဖြစ်ရပ်တွေကို ဟာသနှောပြီး ရိုက်ကူးတင်ဆက် ထားပါတယ်။ ဒီဇာတ်ကားလေးက IMDb Rating 7.0/10 ရရှိထားပြီး Jason Biggs ၊ Eddie Kaye Thomas ၊ Chris Klein ၊ Natasha Lyonne ၊ Thomas Ian Nicholas ၊ Tara Reid ၊ Alyson Hannigan ၊ Seann William Scott တို့အပြင် တခြား နာမည်ကြီး သရုပ်ဆောင်တွေ အများကြီးပါဝင် သရုပ်ဆောင်ထားပါတယ်။

(၂) Step Brothers (2008)

Source : Sony Pictures Entertainment

Step Brothers ဇာတ်ကားလေးကတော့ ၂၀၀၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဟာသရုပ်ရှင်ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ အရွယ်ရောက်ပြီးသား လူနှစ်ယောက် ၊ တစ်နေ့မှာ သူတို့ရဲ့ ကြင်ဖော်မဲ့ မိဘတွေ ဆုံတွေ့ခဲ့မိပြီး လက်ထပ်လိုက်ကြချိန် ၊ သူတို့လည်း ဖအေမတူ မအေကွဲ ညီကိုတွေဖြစ်လာခဲ့ရပြီး မတည့်အတူနေဘဝနဲ့ ဖြတ်သန်းကြရတဲ့ သူတို့နှစ်ဦးရဲ့အကြောင်းကို ဟာသဆန်ဆန် ကြည့်ရ မယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။ မင်းသားကြီး Will Ferrell နဲ့ Adam McKay တို့က Brennan Huff နဲ့ Dale Doback တို့အဖြစ် အဓိကဇာတ်ဆောင်တွေ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး IMDb Rating 6.9/10 ရရှိထားပါတယ်။

(၃) School of Rock (2003)

Source : Rotten Tomatoes Classic Trailers

၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ School of Rock ရုပ်ရှင်ဇာတ်ကားလေးကိုတော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။ အခေါက်ခေါက် အခါခါ ပြန်ကြည့်လဲ မရိုးရတဲ့ပျော်စရာ ဇာတ်ကားလေးပါ။ အမေရိကန်ဟာသ မင်းသားကြီး Jack Black က ဂီတပညာရှင် Dewey Finn ဇာတ်ရုပ်နဲ့ မူလတန်းကျောင်းမှာ အစားထိုးဆရာအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးဟာ Jack Black နဲ့ ကလေးတသိုက်ရဲ့အမိုက်စား ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ သရုပ်ဆောင်ချက်တွေ ၊ ရော့ခ်ဂီတအပေါ် သစ္စာရှိမှုတွေကို ပျော်ရွှင်ရယ်မောဖွယ် ကြည့်ရ မှာပြီး IMDb Rating လည်း 7.2 /10 ရရှိ ထားပါတယ်။

(၄) Borat (2006)

Source : TRAILER FACTORY

၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Borat ဇာတ်ကားလေးကတော့ တစ်ကားလုံး တဟားဟားနဲ့ကို ခွီပြီး ကြည့်ရ မယ့် အမိုက်စား ဟာသရုပ်ရှင် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ကနေဒါ ဟာသမင်းသားကြီး Sacha Baron Cohen ရဲ့ အပြောင်မြောက်ဆုံး ဟာသသရုပ်ဆောင်ချက်တွေကို ကြည့်ရှုခံစားရမှာဖြစ်ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်လာတဲ့ သတင်းထောက် Borat Sagdiyev ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Sacha Baron Cohen ဟာ ဒီဇာတ်ကားနဲ့အတူ Golden Globe Award ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးကျူးမှုများစွာလည်း ရရှိခဲ့ပါတယ်။ Borat ဇာတ်ကားလေးက IMDb Rating 7.4 / 10 ရရှိထားပြီး တစ်ကားလုံးရယ်နေရမယ့် ဟာသကားလေးဖြစ်တာကြောင့် အမှန်တကယ် ရယ်မောချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

(၅) Anchorman (2004)

Source : Rotten Tomatoes Classic Trailers

“Anchorman: The Legend of Ron Burgundy” ဇာတ်ကားလေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တာပါ။ ၁၉၇၀ ပြည့်လွန်နှစ်တွေအတွင်းက စာနယ်ဇင်းနဲ့ သတင်းနယ်ပယ်ကို သရော်ထားတဲ့ ပုံစံလေး ရိုက်ကူးထားပါတယ်။ San Diego ရုပ်သံအစီအစဉ်က သတင်းတင်ဆက်သူ Ron Burgundy အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Anchorman ဇာတ်ကားလေးကတော့ ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံး ဟာသရုပ်ရှင်တွေထဲကတစ်ကား ဖြစ်ပြီး IMDb Rating 7.1 / 10 ရရှိထားပါတယ်။

Featured Photo : Rappler