Gym သွားမှ အားကစားလုပ်တာ မဟုတ်ပါဘူး။ ကျန်းမာကြံ့ခိုင်ရေးအတွက် ပိုက်ဆံသုံးစရာမလိုတဲ့ Workout တွေ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက်တော့ အားကစားလုပ်ဖို့ ပိုက်ဆံချွေတာချင်သူတွေအတွက် အကောင်းဆုံး Workouts တချို့နဲ့ မိတ်ဆက်ပေးသွားမှာပါ။

(၁) Hiking ထွက်ပါ

Hiking

Photo : Pexels

တောစခန်းထွက်ဖို့အတွက် တောစီးဖိနပ်ကောင်းကောင်းတစ်ရံပဲ လိုပါတယ်။ တောင်ပေါ်မြို့လေးတွေမှာ နေထိုင်သူတွေအတွက် Hiking ထွက်ဖို့အတွက် ပိုက်ဆံတစ်ကျပ်တစ်ပြားမှ ကုန်စရာမလိုပါဘူး။ တောင်တက် Hiking ထွက်တာဟာ လူရဲ့ဘော်ဒီအလေးချိန်ပေါ် လိုက်ပြီး တစ်နာရီကို ကယ်လိုရီ ၅၀၀ အထိ လောင်ကျွမ်းနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက စိတ်ဖိစီးမှုလည်း လျှော့ချပေးပြီး သဘာဝတရားထဲမှာ စိတ်နှစ်ပြီး အချိန်ကုန်ဖို့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်မျိုးပါပဲ။

(၂) Jogging ပြေးပါ

Jogging

Photo : Pexels

ပြေးစက်ရှိမှ အပြေးလေ့ကျင့်ခန်းလုပ်နိုင်တာ မဟုတ်ပါဘူး။ အနီးအနားမှာ စိတ်အေးလက်အေး ပြေးလို့ ကောင်းတဲ့ နေရာရှိရင်လည်း ပေါ့ပေါ့ပါးပါး Jogging ရွရွပြေးလို့ ရတာပါပဲ။ ဒီလေ့ကျင့်ခန်းက တစ်နာရီလောက် လုပ်လိုက်ရင် ကယ်လိုရီ ၅၅၀ အထိ ကျနိုင်ပါတယ်။ အဆီကျမြန်ပြီး လူကို သွက်လက်ပေါ့ပါးစေသလို တစ်ကိုယ်လုံး ကျန်းမာကြံ့ခိုင်မှုပါ တက်လာစေနိုင်ပါတယ်။

(၃) ကြိုးခုန်ပါ

Jumping Rope

Photo : Pexels

နောက်ထပ် အဆီလောင်ကျွမ်းမှုမြင့်တဲ့ အားကစားတစ်ခုက ကြိုးခုန်တဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ကြိုးခုန်တာက တစ်နာရီကို ကယ်လိုရီ ၅၀၀ နှုန်း ပျမ်းမျှ လောင်ကျွမ်းစေနိုင်ပါတယ်။ ကြိုးခုန်ဖို့အတွက် ကြိုးတစ်ချောင်းနဲ့ ကြိုးခုန်လောက်တဲ့ နေရာမျက်နှာပြင်တစ်ခုပဲ လိုပါတယ်။

(၄) Body Weight ကစားပါ

Planking

Photo : Pexels

Body Weight လေ့ကျင့်ခန်းဆိုတာ လူ့ကိုယ်အလေးချိန် ဝိတ်သုံးပြီး Squats ထိုင်တာ ၊ ဒိုက်ထိုးတာ ၊ Jumping Jack ခုန်တာ ၊ Crunches ဆွဲတာ ၊ Plank ထောက်တာ ၊ Bridge ကစားတာ ၊ ဗိုက်ခေါက်နဲ့ ပေါင်ကစားတဲ့ Bicycle ခြေမြှောက်တာ စတဲ့ HIIT Workouts တွေ လုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ကြွက်သားအုပ်စုကြီးတွေကို အလုပ်ပေးပြီး ကြံ့ခိုင်မှု တက်ချင်သူတွေ Gym ပစ္စည်းနဲ့ ပိုက်ဆံတစ်ကျပ်မှ ကုန်စရာမလိုဘဲ ကစားနိုင်မယ့် အားကစားလည်း ဖြစ်ပါတယ်။

(၅) သူငယ်ချင်းတွေနဲ့ ကွင်းထဲ ကစားပါ

Basketball

Photo : Pexels

ယောကျာ်းလေးတစ်ယောက်အတွက် အများနဲ့ စုပြီး ကစားနိုင်တဲ့ အားကစားတွေ အများကြီးရှိပါတယ်။ ဝါသနာပါရင် ဘက်စကတ်ဘော ၊ ဘောလုံး ၊ ရက်ဂ်ဘီ ၊ ဘော်လီဘော စသည်ဖြင့် အားကစားတွေ အများကြီးပါပဲ။ အားကစားတိုင်းက အဖွဲ့လိုက်လှုပ်ရှားမှု ၊ စုစည်းညီညွတ်မှု နဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ တစ်ပုံကြီး ပေးနိုင်ပါတယ်။ ဘောလုံး နဲ့ ဘက်စကတ်ဘော တစ်နာရီကစားရင် ကယ်လိုရီ ၇၀၀ လောင်ကျွမ်းနိုင်ပြီး ဘောလီဘောလို အားကစားမျိုးမှာ ကယ်လိုရီ ၄၀၀ ချပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေ လုပ်ဖို့အတွက် ကစားဖို့ကွင်း နဲ့ ကစားဖော်ပဲ လိုပါတယ်။

Featured Photo : soyacincau